ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြည်သူ့ဝန်ဆောင်မှုများသည် ညံ့ဖျင်းနေပြီး အဆင်မပြေကြောင်း စည်ပင်လုပ်ငန်းများနှင့် သက်ဆိုင်သည့် လူထုသဘောထား စစ်တမ်းအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဌာနနှင့် သက်ဆိုင်သော လူထုသဘောထား စစ်တမ်းအစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက ကောက်ယူခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်တမ်းကို ဦးစီးလုပ်ကိုင်သည့် အလင်းစေတမန် စာကြည့်တိုက်နှင့် လူမှုအထောက်အကူပြု အသိပညာပြန့်ပွားရး အဖွဲ့မှ မဥမ္မာက “ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဥပဒေအသစ်မှာ ပါစေချင်ပါတယ်။ အကောင်အထည်လည်း ဖော်စေချင်ပါတယ်။ ဒီမိုကရေစီနည်းကျ လုပ်စေချင်တာလည်း ပါပါတယ်။ ဝန်ဆောင်ခပေးနေတဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ဝန်ဆောင်မှုကို ပြည့်ပြည့်ဝရ စေချင်တဲ့ ဆန္ဒနဲ့ ဒီစစ်တမ်းကို ကောက်တာပါ”ဟု ဆိုသည်။
အဆိုပါ အစီရင်ခံစာကို ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ အသက် ၁၈ နှစ်အထက် ဖြေဆိုသူ ၁၂၀၅ ဦးကို ကျပန်းကောက်ယူထားခြင်းဖြစ်ပြီး ယင်းလူထုသဘောထားစစ်တမ်းတွင် စည်ပင်သာယာရေး ကော်မတီ၏ ဝန်ဆောင်မှုများဖြစ်သည့် အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်၊ လမ်းများ၊ ပလက်ဖောင်းများစသည့် ဝန်ဆောင်မှုများတွင် ပြည်သူလူထု စိတ်ကျေနပ်မှု မရရှိကြောင်း ဖော်ပြထားသည်။
ယင်းစစ်တမ်း အစီရင်ခံစာတွင် ရေမြောင်းစနစ်များ အဆင်ပြေမှု မရှိကြောင်း ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းရှိပြီး ကောင်းမွန်သည်ဟု ဖြေဆိုသူမှာ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ကာ မသိဟုဖြေဆိုသူ ၂၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် လမ်းများ၊ ပလက်ဖောင်းများ သန့်ရှင်း သပ်ရပ်မှု မရှိဟု ဖြေဆိုသူ ၆၅ ရာခိုင်နှုန်း၊ ကောင်းမွန်သည်ဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်း ရှိပြီး ၂၂ ရာခိုင်နှုန်းက မသိဟု ဖြေဆိုခဲ့သည်။
စစ်တမ်းအစီရင်ခံစာ အရ အမှိုက်သိမ်းစနစ်များ ညံ့ဖျင်းသည်ဟု ဖြေဆိုသူမှာ ၄၆ ရာခိုင်နှုန်း ၊ ကောင်းမွန်သည် ဟု ဖြေဆိုသူ ၁၁ ရာခိုင်နှုန်း၊ အလွန်ကောင်းမွန်သည်ဟုဖြေဆိုသူ ၂၆ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းက အသင့်အတင့်သာ ရှိကြောင်း သိရသည်။
စစ်တမ်းဖြေဆိုသူများ၏ ၇၉ ရာခိုင်နှုန်းက အဆိုပါဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမည် ဆိုပါက ထိုက်သင့်သော ဝန်ဆောင်ခပေးရန် ဆန္ဒရှိနေကြကြောင်း သိရသည်။
စစ်တမ်း ကောက်ရာတွင် ပါဝင်ခဲ့သည့် New Myanmar Foundation မှ အမှုဆောင်ဒါရိုက်တာ ဒေါ်မြနန္ဒာသင်း ကလည်း “ကျမတို့လည်း အမှိုက်ခွန် ၆၀၀ ကနေ ၁၀၀၀ တိုးရင် ပေးနိုင်ပါ့မလားလို့ ထင်ခဲ့တယ်။ ဒါပေမယ့် စစ်တမ်းတွေ လိုက် ကောက်တဲ့အခါ တကယ်လို့ ဝန်ဆောင်မှုသာ ကောင်းကောင်းရမယ်ဆိုရင်၊ ဒီ ၅၀၀၊ ၁၀၀၀ လောက်ကို တိုးပြီးတော့မှ ပေးဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ အနေအထားမျိုးကို ရန်ကုန်မြို့လယ်က လူတင်မဟုတ်ဘူး။ လှိုင်သာယာဘက်၊ ဒဂုံတောင်ဘက်က လူတွေကလည်း ဒါကို ပြောကြတယ်။ အမှိုက်ပုံကြီးထဲမှာ နေရမယ့်အစား ကိုယ့်တာဝန်ကိုယ် ယူပြီးတော့ ၅၀၀၊ ၁၀၀၀ ပိုပေးရတာ ပြဿနာမရှိဘူးဆိုတဲ့ အနေအထားကို မြင်တွေ့ရတယ်”ဟု ပြောသည်။
ဗဟန်းမြို့နယ်တွင် နေထိုင်သည့် မလဲ့လဲ့ဆွေက “တကယ့် ဝန်ဆောင်မှုကောင်းကောင်းသာ ပေးရင် ဝန်ဆောင်ခ ပိုပေးဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် ပိုက်ဆံတွေသာတိုးကောက်တယ် ဘာမှမလုပ်ပေးရင်တော့ ပြည်သူဆီက ပိုက်ဆံကို လိမ်ယူသလိုပဲ ဖြစ်နေမှာပဲ” ဟု ဆိုသည်။
အလင်းစေတမန်အဖွဲ့သည် ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်း စည်ပင်ဥပဒေအသစ် ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် ပြည်သူ့အသံ ပါဝင်နိုင်စေရေး အတွက် ဥပဒေရေးရာ ရှင်းလင်းပွဲနှင့် စစ်တမ်းများကောက်ယူခဲ့သည်။