၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနများနှင့် ဗဟိုအစိုးရအဖွဲ့အစည်းများ၏ အသုံးစရိတ်ကို တောင်းခံငွေထက် ကျပ် ၂၃၀ ဘီလီယံကျော်ဖြတ်တောက်ပြီး ကျပ် ၂၄.၇၂ ထရီလျှံ ကို ပြည်ထောင်စု လွှတ်တော်က စက်တင်ဘာ ၁၃ ရက်က အတည်ပြုခဲ့သည်။ အောက်တိုဘာလတွင် စတင်မည့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ထိုအတည်ပြု ပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က အသုံးစရိတ်တောင်းခံငွေ ကျပ် ၂၀.၅၉ ထရီလီယံထက် သိသိသာသာ များပြားသည်။
အသုံးစရိတ်၊ ပြည်ပချေးငွေနှင့် နိုင်ငံတကာ အထောက်အပံ့များမှ ရငွေ သုံးငွေ စိစစ် ဖြတ်တောက်ခြင်းကို လွှတ်တော်၏ ဘတ်ဂျတ်စိစစ်ရေး ကော်မတီများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အသေးစိတ် စိစစ် လျှော့ချမှုများ ပြုလုပ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် လယ်သမားနှင့်အလုပ်သမားရေးရာ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
လာမည့် ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကို ဇူလိုင်လက လွှတ်တော်သို့ တင်သွင်းပြီးနောက် ထိုကော်မတီများက စိစစ်မှုု ပြုလုပ်ခဲ့သည်။
“ပူးတွဲလွှတ်တော်ကော်မတီတွေက ဝန်ကြီးဌာနတခုစီက မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်တယ်။ ဒီအဆောက်အဦတခုက ဒီနှစ် မလိုဘူးဆိုရင် လျှော့ပစ်လိုက်တယ်။ မဖြစ်မနေ လုပ်ရမယ့်ဟာကို ဦးစားပေးတယ်” ဟု ဦးဖေသန်းပြောသည်။
ဝန်ကြီးဌာနများအနေဖြင့်လည်း ငွေကြေးခွင့်ပြုချက်တောင်းခံရာတွင် ဂရုတစိုက် ပြလုပ်ခဲ့သည်ဟု ယုံကြည်ကြောင်း၊ သို့သော် ဈေးနှုန်းကွာဟမှု (အလားတူပစ္စည်း သို့မဟုတ် ပစ္စည်းတမျိုးတည်းကိုပင် ဝန်ကြီးဌာနအမျိုးမျိုးတို့က တောင်းခံသည့် ဈေးနှုန်းကွာဟမှု) များကို တွေရသည့်အတွက် ဖြတ်တောက်မှုအချို့ရှိကြောင်းလည်း သူပြောသည်။
အသုံးစရိတ် အများဆုံးဖြတ်တောက်သည့် ပမာဏမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျပ် ၅၆ ဘီလီယံ ဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ်မှ ကျပ် ၁.၇ ဘီလီယံ ဖြတ်တောက်ခဲ့သည်။ သို့သော် ကာကွယ်ရေးဝန်ကြီးဌာနအသုံးစရိတ်သည် စုစုပေါင်း အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းတွင် ဆက်ရှိနေပြီး ယခင်နှစ်ပြည့် ဘဏ္ဍာရေးနှစ် (မတ်လ ၂၀၁၇ မှ ဧပြီ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်) က ရာခိုင်နှုန်းနှင့် တူညီသည်။
ဝန်ကြီးဌာနများ အသုံးစရိတ်မှ ဖြတ်တောက်မှုမှာ စုစုပေါင်း ကျပ် ၁၂၂.၅၆ ဘီလီယံရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျပ် ၁၈ ဘီလီယံ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျပ် ၁၀.၇ ဘီလီယံ၊ အမျိုးသားစီမံကိန်းနှင့် ဘာဏ္ဍာရေးဝန်ကြီးဌာနမှ ကျပ် ၈.၅ ဘီလီယံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျပ် ၈.၃ ဘီလီယံ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျပ် ၄.၇ ဘီလီယံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ် ၂.၆ ဘီလီယံနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကျပ် ၁ ဘီလီယံ တို့ပါဝင်သည်။
ဝန်ကြီးဌာနမဟုတ်သော ဗဟိုအဖွဲ့အစည်းများ၏ အသုံးစရိတ်များမှ စုစုပေါင်း ကျပ် ၄.၇ ဘီလီယံကိုလည်း ဖြတ်တောက်ခဲ့ပြီး ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီနယ်မြေနှင့် စည်ပင်အဖွဲ့များ၏ အသုံးစရိတ်မှ ကျပ် ၁၁.၈၄ ဘီလီယံကိုလည်း ဖြတ်တောက်ခဲ့သည်။