ရာဇဝတ်မှု ကျဆင်းရေး မန္တလေး အရပ်ဘက် အစည်းအဝေး ရွှေ့ဆိုင်းရ
မန္တလေးမြို့တွင် ပြီးခဲ့သည့် ကြာသပတေးနေ့၌ ကျင်းပရန် စီစဉ်ထားသော အများပြည်သူလုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုကို ဒေသဆိုင်ရာ အာဏာပိုင်များထံမှ အချိန်မီ ခွင့်ပြုချက်မရခဲ့၍ ရွှေ့ဆိုင်းခဲ့ရသည်။
မြို့ခံလူမှုအဖွဲ့အစည်းများနှင့်မြို့မိမြို့ဖများ စုစည်းကျင်းပမည့် အဆိုပါအစည်းအဝေးတွင် မန္တလေးမြို့၏ လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အများပြည်သူအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည့်အရေး ဆွေးနွေးအဖြေရှာကြရန် စီစဉ်ထားခြင်းဖြစ်သည်။
ပွဲစီစဉ်သူတဦးဖြစ်သည့် ဦးတင်ကိုကိုဦးက “ဒေသအာဏာပိုင်တွေက ကျနော်တို့ကို ခွင့်ပြုမိန့်လျှောက်ဖို့ ပြောတာနဲ့ ကျနော်တို့က တင်ပြလိုက်တယ်။ ဒါပေမယ့် ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာကို အချိန်မှီ အကြောင်းမပြန်တဲ့အတွက် ကျနော်တို့ ရွှေ့ဆိုင်းလိုက်ရတာပါ” ဟု ရှင်းပြသည်။
ပွဲစီစဉ်သူများဘက်မှ ခွင့်ပြုချက်လျှောက်ထားခြင်းကို အင်္ဂ ါနေ့က ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးရုံးများထံသို့ ပေးပို့ခဲ့သော်လည်း အာဏာပိုင်များဘက်မှ တစုံတရာအကြောင်းပြန်ခဲ့ခြင်း မရှိပေ။
“အာဏာပိုင်တွေက ကျနော်တို့ကို ခွင့်ပြုချက်ယူဖို့ပြောထားတဲ့အတွက် ကျနော်တို့ တင်ခဲ့တယ်။ ဒါပေမယ့် အချိန်မှီ မရလာတော့ သူတို့နဲ့ ထိပ်တိုက် မတွေ့ချင်တာကြောင့် ခွင့်ပြုချက်မရဘဲ ကျနော်တို့က အစည်းအဝေးမလုပ်ဖို့၊ ခွင့်ပြုချက်ကျတဲ့အထိ အစည်းအဝေးအစီအစဉ် ရွှေ့ဆိုင်းဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဦးတင်ကိုကိုဦးက ရှင်းပြသည်။
မန္တလေးမြို့နှင့် အနီးတဝိုက်တွင် ရာဇဝတ်မှုများနှင့် လုယက်မှုများ တိုးပွားလာလျက်ရှိပြီး အထူးသဖြင့် ညနေပိုင်းများတွင် ဖြစ်ပွားနေ၍ မြို့ခံပြည်သူများနှင့် ခရီးသွားဧည့်သည်များမှာ စိုးရွံ့မှုရှိနေရခြင်းကြောင့် မြို့ခံလူမှုအဖွဲ့များက အစည်းအဝေးကျင်းပရန် အကြောင်းဖန်လာခဲ့သည်။
အစည်းအဝေးကျင်းပရန် ရည်ရွယ်ချက်မှာ မှုခင်းကျဆင်းရေးနှင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှု လျော့နည်းရေးတို့အတွက် မြို့နေလူထုနှင့် လူမှုအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မည်သို့လုပ်ဆောင်ရမည်ကို အဖြေရှာရန်ဖြစ်သည်။
“ကျနော်တို့ ရည်ရွယ်တာက လုံခြုံရေးအစီအမံတွေအပေါ်မှာ အများပြည်သူကို အသိပညာပေးဖို့ နည်းလမ်းတခု ရှာဖို့ပါ။ ပြည်သူတွေအနေနဲ့ မှုခင်းတခု ကြုံရတယ်ဆိုရင် လုံခြုံရေးဝန်ထမ်းတွေ၊ ရဲတွေနဲ့ ထိခိုက်နစ်နာသူတွေကို ဘယ်လိုကူညီမလဲဆိုတာတွေလည်း ပါတာပေါ့” ဟု ဦးတင်ကိုကိုဦးက ဆိုသည်။
“ကျနော်တို့အနေနဲ့က အာဏာပိုင်တွေကို တွန်းအားပေးတာ(ဒါမှမဟုတ်) အပြစ်တင်မျိုး လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အလုပ်ကို ကျနော်တို့ဝင်ရှုပ်မှာ မလိုလားတဲ့အတွက်များ ခွင့်ပြုမိန့် အချိန်မှီမပေးတာလားလို့ ကျနော်တို့ သံသယရှိပါတယ်။ အဲဒါမို့ ကျနော်တို့ ဆွေးနွေးမှာကို ခွင့်ပြုချက် မပေးရဲတာဖြစ်နိုင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
မန္တလေးမြို့အတွင်းတွင် မကြာသေးမီ ရက်သတ္တပတ်အတွင်းက သေနတ်နှင့် ပစ်ခတ်လုယက်မှု၊ ဓားရှည်များ၊ ဓါးမြှောင်များဖြင့် မော်တော်ဆိုင်ကယ်၊ မိုဘိုင်းဖုန်းနှင့်ငွေကြေးလုယက်မှုများ ဆက်တိုက်ဆိုသလို ဆိုးဆိုးရွာရွား ဖြစ်ပွားခဲ့သည်။ ထိုမှုခင်းဖြစ်စဉ်များကြောင့် မြို့နေလူထုအတွင်း ထိတ်လန့်ကာ ညဉ့်နက်ချိန် နေအိမ်ပြင်ပသို့ တဦးတည်းသွားလာရန် စိုးရွံ့လာကြသည်။
လူထုအခြေပြုအဖွဲ့များနှင့် ရပ်ကွက်အလိုက် လူငယ်များက ကိုယ်ထူကိုယ်ထအဖွဲ့ငယ်များ ဖွဲ့၍ သက်ဆိုင်ရာနေရာအလိုက် ညကင်းများ ချ၍ စောင့်ကြပ်ခြင်း၊ နယ်မြေခံရဲတပ်ဖွဲ့အကူညီရယူကာ လှည့်ကင်းများ လှည့်လည်ခြင်းများ ပြုလုပ်လာကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ယင်းသို့အဖွဲ့တခုက လုယက်သူတစုကို ဖမ်းဆီးနိုင်ခဲ့ပြီး ရဲလက်အပ်ခဲ့သည်။
ယခု ရက်သတ္တပတ်မှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့က ဦးဆောင်ကာ ရဲအင်အား ၃၀၀ ခန့် ဖြင့် ညစဉ်ကင်းလှည့်ရန် စီမံခဲ့ရာ မြို့လမ်းထောင့်တိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်ခဲ့၍ လက်နက်အားကိုး၍ လုယက်မှုများ သိသိသာသာ ကျဆင်းသွားခဲ့သည်။
“လုယက်မှုသတင်းတွေ ကျနော်တို့အပေါ် နည်းလမ်းမျိုးစုံနဲ့ ရိုက်ခတ်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရပါ။ ညရောက်လာပြီဆိုရင် စိုးရိမ်နေပြီး မလုံခြုံသလို ခံစားနေရပါတယ်။ ဒီလိုကြောက်စိတ်နဲ့ အရင်က စည်ကားခဲ့တဲ့ မန္တလေးညတွေဟာ အခု ခြောက်ကပ်သွားပါပြီ။ မန္တလေးဟာ မန္တလေးမဟုတ်တော့သလိုပဲ” ဟု မန္တလေးမြို့မိမြို့ဖလည်းဖြစ်၊ ထင်ရှားသော စာရေးဆရာလည်းဖြစ်သည့် ဦးညီပုလေးက ပြောသည်။