ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေး အတွက် မိသားစုဝင်များ၊ မြို့ခံများနှင့် မတရားမှုကို လက်မခံသော ထောင်နှင့်ချီသည့် ဒေသခံများက လမ်းပေါ်ထွက်၍ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်ရှိ ဆေးရုံကုန်း တောင်ခြေမှ မြို့လယ် ဘုရားကျောင်း အနီးသို့ ယနေ့နံနက် ၈ နာရီမှ ၁၂ နာရီထိ ချီတက်တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း လူငယ်များ ကွန်ရက်(နမ့်ခမ်း)မှ ဆက်ဆံရေး တာဝန်ခံ စိုင်းသိန်းရွှေ က ပြောသည်။
စိုင်းသိန်းရွှေ က “ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုက အားရ ကျေနပ်စရာပါ။ ဒီအပေါ်ကို TNLA လည်း ပြည်သူ့ အသံကို လေးလေးနက်နက် နားထောင်စေချင်တယ်။ ဘယ်လက်နက်ကိုင်မဆို ပြည်သူ့ အသက်၊ အိုးအိမ်ကို ထိန်းသိမ်း၊ ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့စည်းပဲ ဖြစ်စေချင်တာပါ။ ဒီလို ဖြစ်ရပ်မျိုးကြောင့် ပြည်သူ အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း မကွဲစေချင်ဘူး။ ဒါကို ထောက်ထားပြီး အမြန် ပြန်လွှတ်ပေးပါလို့ ဆက်လက် တောင်းဆိုပါတယ်” ဟု ပြောသည်။
ဆန္ဒပြပွဲ၌ TNLA မှ ဖမ်းဆီးထားသော နန်းမိုဟွမ်အား ချက်ချင်းလွှတ်၊ မတရား ဆက်ကြေး ကောက်ခြင်းအား ချက်ချင်းရပ်၊ အကြမ်းဖက် ဝါဒ ဆန့်ကျင်ရေး ဒို့ အရေး၊ တရား ဥပဒေ စိုးမိုးရေး ဒို့အရေး စသည့် ကြွေးကြော်သံများပါဝင်သည့် ဆိုင်းဘုတ် များကို ကိုင်ဆောင်ခဲ့ကြကြောင်း စိုင်းသိန်းရွှေက ဆိုသည်။
TNLA သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ခရိုင်၊နမ့်ခမ်းမြို့၊ ဟိုနောင် ရပ်ကွက်နေ နန်းမိုဟွမ်ကို ၂၀၁၈ ခုနှစ်၊ သြ ဂုတ် ၁၇ ရက်က ဖမ်းဆီးသွားခဲ့သည်မှာ ယနေ့ (ရက် ၃၀ ပြည့်) အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။
TNLA အကောက်ခွန် ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက် သေဆုံးစေ သည် အထိ နန်းမိုဟွမ်မှ တာဝန် ဝတ္ထရား နှောင့်ယှက်ခဲ့သောကြောင့် ဥပဒေ အရ အရေးယူပေးရန် TNLA ဗဟို တရားရုံး သို့ အမှုဖွင့် တိုင်ကြားခဲ့သည်ဟု TNLA က စက်တင်ဘာ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
ထို့နောက် TNLA ဝန်ထမ်း တာဝန် ဝတ္ထရား ထမ်းဆောင်နေစဉ် မိမိ အလိုအလျှောက် အပြင်းအထန် နာကျင်စေမှုဖြင့် နန်း မိုဟွမ်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟိုတရားရုံးမှ အမှုဖွင့် အရေးယူ ထားသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စိုင်းသိန်းရွှေက “သူတို့ (TNLA) ဥပဒေနဲ့ တရား စီရင်မယ် ဆိုတာကို ပြည်သူတွေက လုံးဝ လက်မခံနိုင်ပါ။ တိုင်ရင်းသား ပြည်သူ ချင်းချင်း လေးစားစာနာမှုရှိရင် ခြွင်းချက်မရှိ အမြန် လွှတ်ပေးချင်ပါတယ်” ဟု စက်တင်ဘာ ၁၆ ရက်က ဧရာဝတီ သို့ ပြောသည်။
ဖမ်းဆီးခံထားရသော နန်းမိုဟွမ်၏ မိသားစုဝင်များကလည်း TNLA မှ စွပ်စွဲထားသည့် အကြောင်းအရာများကို ကျူးလွန် ထားခြင်း မရှိကြောင်းနှင့် နန်းမိုဟွမ်၏ ကျန်းမာရေးကို စိုးရိမ်သည့် အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – TNLA မှ ဖမ်းထားသော နန်းမိုဟွမ် လွတ်မြောက်ရေး နမ့်ခမ်းတွင် ဆန္ဒပြ
နန်းမိုဟွမ် ကို လွှတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်များ လိုလား