ဒီမိုကရေစီစနစ်သည် မှားမှား/မှန်မှန် လူအများစု၏ သဘောဖြင့် ဆောင်ရွက်ခြင်းမျိုး မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက် က ပြောသည်။
နေပြည်တော် လွှတ်တော်ရှိ သဘင်ဆောင်တွင် စက်တင်ဘာလ ၁၅ ရက်က ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ စာတမ်း တင်သွင်းစဉ် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး သန်းထိုက်က“မှားမှား မှန်မှန် အများညီလို့ “ဤ” ကို “ကျွဲ” လို့ ဖတ်ခြင်းဟာ ဒီမိုကရေစီ မဟုတ်ဘူး ဆိုတာ အားလုံး အသိပင် ဖြစ်ပါတယ်။ အဲဒီလိုသာ ဆောင်ရွက်နေမယ် ဆိုရင် အဓမ္မ ဒီမိုကရေစီသာ ဖြစ်သွားပါမယ်” ဟု ပြောသည်။
မှန်ကန် မျှတသော ဒီမိုကရေစီ ကျင့်စဉ် ဖြစ်စေရေး အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး တဦးကောင်း တ ယောက်ကောင်း ဆောင်ရွက်ခြင်းဖြင့် မရနိုင်ကြောင်းနှင့် ဒီမိုကရေစီ ကျင့်စဉ်တွင် နိုင်ငံသူ/ နိုင်ငံသားတိုင်းသည် တည်ဆဲ ဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒီမိုကရေစီ ရှင်သန်ရေး ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံကို နိုင်ငံတော်က ကျင်းပပေးနေကြောင်း၊ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းကာ ထာဝရ ငြိမ်းချမ်းရေးရမှ ပြည်သူ လိုလားသည့် ဒီမိုကရေစီနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရမည် ဖြစ်ကြောင်းကို ဗိုလ်မှူးကြီး သန်းထိုက်က ဆက်လက် ပြောသည်။
ထို့ပြင် ဒီမိုကရေစီ ထာဝရ ရှင်သန်နေစေရန် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုုင်များ အပြန်အလှန် ထိန်း ကျောင်းနေပြီး တိုင်းရင်းသား ပြည်သူများကလည်း ပူးပေါင်း ဆောင်ရွက်မှသာ ခိုင်မြဲသော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာ မည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုခဲ့သည်။
အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ အပါအဝင်၊ အာဏာရ NLD ပါတီ၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းတို့က စာ တမ်း ၁၃ ခုကို တင်သွင်း ဖတ်ကြားသွားကြသည်။
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီမိုကရေစီ စနစ်မှန် ပိုမို အခြေ ခိုင်မာလာ စေရန် အရှိန်မြှင့်တင်ကာ လုပ်ဆောင်သွားရမည် ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ပါတီစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲများ မထားဘဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးတီခွန်မြတ် က “နိုင်ငံတော်နဲ့ ပြည်သူများအပေါ် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ အမျှော်အမြင်ရှိရှိ နည်းလမ်း မှန်မှန်ဖြင့် ကိုယ်စီ တာဝန် များ ကျေပွန်အောင် ကြိုးစား ဆောင်ရွက်ကြခြင်းဖြင့် အနာဂတ် ကာလတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း ရေး လုပ်ငန်းစဉ်များ ပိုမိုဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်မိပါတယ်” ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ စာတမ်းကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နန်းမိုးမိုးထွေးက ဖတ်ကြား ခဲ့ပြီး ဒီမိုကရေစီ ရှင်သန်ရေးအတွက် ပြည်သူ့ အကျိုး ရှေးရှုကာ ဝိုင်းဝန်း ထိန်းညှိ ဆောင်ရွက်ရေးသည် အစဉ် ဖော်ဆောင် ရမည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ပေးဆပ်မှု အနည်းဆုံး၊ ထိခိုက်မှု အနည်းဆုံး စေတနာ အရင်းခံဖြင့် တိုင်းရင်းသား ပြည် သူများ၊ သက်ဆိုင်သည့် အစု အဖွဲ့များဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
ရခိုင် အမျိုးသား ပါတီမှ ဦးမြင့်နိုင် ဒီမိုကရေစီ ရှင်သန်ရေး အတွက် လွှတ်တော်များ အားကောင်းရန်၊ လွှတ်တော်တွင်း အတိုက်အခံ အင်အားစု ပေါ်ထွန်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း မီဒီယာများကို ပြောသည်။
ဦးမြင့်နိုင် က “လောလောဆယ်မှာ အစိုးရက အတိုက်အခံကို ဖိနှိပ်မှုများတယ်လို့ မြင်တယ်။ အစိုးရက သွားချင်တဲ့ လမ်းကြောင်းကို သွားတယ်။ အတိုက်အခံ အင်အားစုရဲ့ ပြောတဲ့စကားကို လက်ခံနိုင်မှု အားနည်းတယ်။ ညှိပြီး သွားဖို့ အများကြီး လိုတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ လုပ်ဆောင်ရမှာတွေကို အစိုးရက အားနည်းနေတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။
ယင်းပြင် အတိုက်အခံ အင်အားစု တရပ် ရှိမနေပါက ဒီမိုကရေစီ အာဏာရှင် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက် လက်၍ သုံးသပ် ပြောဆိုသွားသည်။