ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများ အနက် စက်တင်ဘာ ၁၇ ရက်နေ့ မွန်လွဲပိုင်းအထိ အကျဉ်းသား ၁၇ ဦးကို ပြန်လည်ဖမ်းမိပြီဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆေးရုံပေါ်တွင် သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရသည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီကျော်က အကျဉ်းသား ၄၂ ဦးတို့မှာ ထောင်အတွင်းရှိ သန့်ရှင်းရေး အမှိုက်သိမ်းယာဉ်ကို လုယူထွက်ကာ ထောင်တံခါးများကို ကားဖြင့်တိုက်ဖွင့်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ရဲမှူးကြီး အောင်မြတ်မိုးက “သန့်ရှင်းရေး အမှိုက်သိမ်းဖို့အတွက် ထောင်ထဲမှာရှိနေတဲ့ကားကို အသုံးပြုပြီးတော့ ထောင်တံခါးတွေတိုက်ပြီး ထွက်ပြေးတာပါ”ဟု ပြောသည်။
အကျဉ်းသားများ ထောက်ဖောက်ပြေးသည့် စက်တင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီအထိ အကျဉ်းသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယနေ့တွင် ထောင်ဖောက်ပြေး အကျဉ်းသား ၃ ဦးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တောင်ကလေးကျေးရွာတွင် တည်ရှိသော ဖားအံထောင်မှ အကျဉ်းသားများသည် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ထောင်ဝန်းအတွင်း ခြုံပင်များကို ရှင်းလင်းနေခဲ့ကြသည်။ အချို့အကျဉ်းသားများက အမှိုက်များနှင့် ရှင်းလင်းထားသော ခြုံနွယ်ပင်များအား တင်ဆောင်ပြီး ပြင်ပသို့ပို့မည့် ထရပ်ကားမောင်းသူ ထောင်ဝန်ထမ်းတဦးကို ရိုက်နှက်ခဲ့ကြသည်။ ထို ထောင်ဝန်ထမ်းသည် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံနေရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
အကျဉ်းသားများသည် တရပ်ကားကို အပိုင်စီးပြီးသည်နှင့် တပြိုင်နက် ထောင်မှထွက်ခွာမောင်းနှင် သွားနိုင်ခဲ့သည်။ အကျဉ်းသားများသည် ရွာအပြင်ဖက် ၂၂.၅ ကီလိုမီတာ (၁၄ မိုင်) ခန့်အထိ ကားကို မောင်းနှင်သွားခဲ့ပြီးနောက် အနီးရှိသစ်တောနှင့်ကျေးရွာများတွင် ပုန်းအောင်းရန်ထွက်ပြေးသွားခဲ့ကြသည်။
ထောင်မှ ဦးဆောင်ထွက်ပြေးသူ အကျဉ်းသား ကျော်မိန်းလကို ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ဖားအံဆေးရုံတွင် သေဆုံးသွားခဲ့သည်။ သူသည် ထွက်ပြေးလွတ်မြောက်ချိန်တွင် တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံထားရသည်။
ဆေးရုံသို့ တင်ပို့စဉ် သွေးထွက်လွန်၍ သေဆုံးခဲ့ကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူများတွင် အများအပြားမှာ ထောင်နှစ်ရှည်ကျခံနေရသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။ ပြန်လည်ဖမ်းမိသော အကျဉ်းသားများမှာ ထောင် ၆ လမှ ၁၃ နှစ်အထိ ချမှတ်ခံထားရသူများ ဖြစ်ပြီး မူးယစ်ဆေးဝါး မှု၊ လက်နက်မှုများဖြင့် အကျဉ်းကျခံနေသူများ ဖြစ်သည်။
“ပြန်ဖမ်းမိတဲ့သူတွေကတော့ အခု တည်ဆဲဥပဒေအရပေါ့၊ ကျနော်တို့မှာ ပုဒ်မတွေရှိပါတယ်၊ အကျဉ်းထောင် ဖောက်ပြေးတဲ့ ပုဒ်မတွေ ရှိပါတယ်၊ နောက်တခါ တာဝန် ဝတ္တရား နှောင့်ယှက်မှု ရှိပါတယ်၊ နောက်ပြီး ပြည်သူပိုင်ပစ္စည်း ဖျက်စီးတဲ့ ပုဒ်မတွေ ရှိပါတယ်၊ အဲ့တာတွေနဲ့ အရေးယူပါမယ်ခင်ဗျ”ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။
ထို့အပြင် အကျဉ်းထောင်မှ တာဝန်ရှိသူများကိုလည်း အကျဉ်းဦးစီးဌာနမှ စစ်ဆေးနေတာရှိကြောင်း ၎င်းက ဆိုသည်။
ထွက်ပြေးနေဆဲ သို့မဟုတ် ပုန်းအောင်းနေသူများကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ရန် မေတ္တာရပ်ခံထားသည်။ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများ၏ ဓါတ်ပုံများကို ရဲတပ်ဖွဲ့ အင်တာနက်တွင် ဖြန့်ချိခဲ့ပြီး ထိုသူများကို တွေ့ရှိပါက အကြောင်းကြားရန် တိုက်တွန်းထားသည်။
ရဲတပ်ဖွဲ့သည် ရှာဖွေရေး အဖွဲ့ဖွဲ့ကို စေလွှတ်ပြီး ရဲမှူးကြီး အောင်မြတ်မိုးဦးဆောင်သည့် ဖားအံမြို့နယ်ရှိ ထိုဒေသတွင် ယမန်နေ့က စတင်သော စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ယာဉ် အများအပြားကို ဖြန့်ချထားသည်။ မြန်မာ့တပ်မတော်၊ ဒေသခံရဲတပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်များသည် လွတ်မြောက်နေဆဲ အကျဉ်းသားများကို ရှာဖွေပြန်လည်ဖမ်းဆီးရန် ပူးတွဲစစ်ဆင်ရေးများပြုလုပ်နေသည်။
ရဲတပ်ဖွဲကလည်း ရှာဖွေမှု စစ်ဆင်ရေးနှင့် ပတ်သက်ပြီး အင်တာနက်မှတဆင့် တိုက်ရိုက်အဆက်မပြတ် သတင်းထုတ်ပြန်နေသည်။
(ဧရာဝတီ သတင်းထောက်များဖြစ်သော လဝီဝမ်နှင့် ဉာဏ်စိုးဝင်းတို့ ပူးပေါင်းသတင်းပေးပို့သည်။)