ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက် အောင်ဇော်ဦး (၁) အထူးကုဆေးရုံတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်က လျှပ်စစ်မိန်းခုံ ဝါယာရှော့မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံးတက်နေသည့် လူနာများအား ရွှေ့ပြောင်းနေစဉ် အသက် ၇၀ အရွယ် အမျိုးသားလူနာတဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောင်ဇော်ဦး အထူးကုဆေးရုံ မန်နေဂျာ ဦးဇော်လွင်ဦး က “လောလောဆယ်မှာတော့ လူနာ (သေဆုံးသွားသူ) နဲ့ပတ်သက်လို့ ဘာမှပြောလို့ မရသေးဘူး။ ဆေးရုံကြီး (ရင်ခွဲရုံ)က PM (စစ်ချက်အဖြေ) ထွက်လာမှပဲ ဒီလူနာက ဘာကြောင့်သေဆုံးတယ်ဆိုတာပြောလို့ရမယ်။ လူနာက အောက်ရောက်တော့လည်း မျက်နှာတွေ ဘာတွေ သစ်နေသေးတယ်။ လူနာမှာ နှလုံးရောဂါအခံလည်း ရှိထားတယ်လို့လဲ သိရတယ်။ သူ့ကို သုံးလွှာမှာထားတာ လူနာကတော့ ဒူးခေါင်းခွဲထားတဲ့လူနာ။ မီးလောင်တာ မိန်းကွန်ထရိုးခန်းက ဝါယာကြိုးလေးတွေ ရှော့စ် ဖြစ်ပြီး မီးခိုးတွေထွက်သွားတာပါ။” ဟု ဧရာဝတီကိုပြောသည်။
သေဆုံးသူမှာ ပေါက်ခေါင်းမြို့မှ ဒူးခေါင်းဂုံညှင်းရိုးခွဲစိတ်မှုပြုလုပ်ထားသည့် အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းအုပ် ဆရာကြီးဖြစ်ပြီး အောင်ဇော်ဦး (၂) ဆေးရုံးသို့ ရွှေ့ပြောင်းစဉ် လူနာတင်ယာဉ်ပေါ်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏သားမက်ဖြစ်သူ ကိုဇော်ကြီးက ပြောသည်။
ကိုဇော်ကြီးက “ကျနော်ယောက္ခမ ဆေးရုံလာတက်ရတာ စပါးအိတ်ထမ်းတာချော်လဲပြီး ဒူးခေါင်းရိုးကွဲလို့ လာတက်တာ။ အသက် ၇၀ ရှိပြီ သူ့ဟာသူနွားစာကျွေးတယ်၊ စပါးထမ်းတယ်၊ ဘာနှလုံးရောဂါမှရှိဘူး။ ကျန်းမာတယ် တနှစ်နေလို့တခါတောင်မဖျားဘူး။ အခုဟာက မီးလောင်လို့ ဆေးရုံပေါ်ကဆင်းလာတော့ အောက်ရောက်မှ စကားတွေဘာတွေပြောသေးတယ်။ ဟိုဘက်ဆေးရုံကိုရွှေ့ရင်း ဆေးရုံးကားပေါ်မှာတင် ဆုံးသွားတာ။ ရင်ခွဲရုံမူခင်းဆရာဝန်ကြီးက ခဏပဲ ဘာမှပြောဘူး ခွဲပြီးတန်းထွက်သွားတယ်။ စာရွက်တော့ ပေးလိုက်တယ် ဘာတွေရေးထားလည်း မဖတ်တတ်ဘူး။ ဘာလို့ဆုံးတယ်ဆိုတာလည်း ခုထိမသိရသေးဘူး။ ကျနော်တို့ကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ နောက်လူတွေ ဒါမျိုးထက်မဖြစ်စေချင်ဘူး” ဟု ဧရာဝတီကိုပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားစဉ် ပြည်ခရိုင်မီးသတ်ဦးစီးဋ္ဌာနမှ လူနာ ၇၃ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အောင်ဇော်ဦး အထူးကုဆေးရုံ မန်နေဂျာ ဦးဇော်လွင်ဦးအား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။