ထိုင်း-မြန်မာ နယ်စပ် မဲ့စရီးယန်းမြို့နယ် မယ်လအူး ဒုက္ခသည်စခန်းတွင် ရေကြီးမြေပြိုမှုဖြစ်စဉ်တွင် ဒုက္ခသည် ၈ ဦး မျောပါ ပျောက်ဆုံးခဲ့ပြီး တဦးကိုတော့ ရုပ်အလောင်း ရှာတွေခဲ့ကြောင်း ကရင်ဒုက္ခသည်စခန်း ကော်မတီ (KRC) က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
မယ်လအူးဒုက္ခသည်စခန်း အပေါ်ဘက်တွင် စက်တင်ဘာ ၁၆ ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းရာမှ ညနေ ၆ နာရီခွဲခန့်တွင် စခန်းအနီးမှ ထိုးဆင်းလာသည့် တောင်ကျရေနှင့် အတူ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မျောပါ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်းသိရသည်။
KRC ဥက္ကဋ္ဌ စောရောဘတ်ထွေး က “မနေ့က မိုးက တနေကုန်ရွာတယ်။ ရွာတော့ အဲဒီချောင်းက နွေဆို ရေမရှိဘူး။ မိုးရွာတဲ့ အချိန်ကြ သူများလည်း သတိမထားမိဘူးလေ။ ဒီလိုပဲ နေကြတာပဲ၊ ညနေ ၆ နာရီလောက်မှာ ဗြုန်းကနဲဆို ရုတ်တရက် ရေကြီးလာတော့ မြေပါပြိုကျလာတယ်။ မျောပါသွားတဲ့ ၈ ယောက်မှာ အလောင်းကတော့ ၁ လောင်းပဲ ပြန်တွေ့သေးတယ်” ဟု ပြောသည်။
အဆိုပါ ရေကြီးမြေပြိုမှုတွင် ချောင်းအနီးရှိ မယ်လအူး ဒုက္ခသည်စခန်း အမှတ် ၁ ရပ်ကွက်မှ အိမ်ခြေ ၁၃ လုံး မျောပါ ပျက်စီးခဲ့ပြီး စုစုပေါင်း ဒုက္ခသည် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုအထဲမှ ၃ ဦးသက်သာလာသော်လည်း ၁၃ ဦးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
မဲ့စရီးယန်းမြို့တွင်နေထိုင်သည့် စောဖွေ က “တချို့က အိမ်တွေနဲ့ အတူတူမျောပါသွားပြီး ပျောက်သွားတာ။ အခုကတော့ တိုင်းအရာရှိတွေ၊ NGO အဖွဲ့တွေ သွားပြီးတော့ ကယ်ဆယ်ရေးလုပ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးနှင့် သေဆုံး ပျောက်ဆုံးသူများ အရေး ဆောင်ရွက်ရန် အတွက် စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း KRC ဥက္ကဋ္ဌ စောရောဘတ်ထွေး က ပြောသည်။
စခန်းတွင် ယခင်က ရေကြီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုတကြိမ်ကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဒုက္ခသည် အရေး ဆောင်ရွက်သူများက ဆိုသည်။
မယ်လအူး ဒုက္ခသည် စခန်းကို ၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ဲခြင်းဖြစ်ပြီး စခန်းအတွင်း နေထိုင်သူများမှာ ကရင်ပြည်နယ် အတွင်း တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ တိုက်ပွဲများကြောင့် လာရောက် ခိုလှုံသူများ ဖြစ်ကြသည်။ လက်ရှိတွင် ဒုက္ခသည် ၁ သောင်းကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။