ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်များ ပြန်လည် လက်ခံနိုင်ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်နေသည့် ကုလသမဂ္ဂအဖွဲ့ ၂ ခုမှာ စုံစမ်း စစ်ဆေးရေး အဖွဲ့ မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။
“CNN မှာ Investigation လို့ သုံးသွားတယ်။ CNN က ပြောသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေ ကို ကွင်းဆင်း စုံစမ်းစစ်ဆေးတဲ့အဖွဲ့ မဟုတ်ပါဘူး။ မှားတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ Assessment Survey (ကွင်းဆင်းမှု)က MOU မှာ ပါတဲ့ ကိစ္စတခု ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူက ဧရာဝတီသို့ ပြောသည်။
ကွင်းဆင်းမှုများ ပြီးပါက ဆက်လက် အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရနှင့် UN အဖွဲ့များကြား အ စည်းအဝေး ပြန်ထိုင်ပြီး ဆက်လက် ဆွေးနွေးရန် ရှိကြောင်း၊ ယခု ကွင်းဆင်းနေသည့် အဖွဲ့များ၏ လုံခြုံရေးကို ပြည်နယ် အစိုးရက ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“သူတို့ဘက်က တောင်းဆိုနေတဲ့ အချက်တချက်ထဲမှာလည်း ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ ပြန်လည် အခြေချနိုင်ရေးဆိုတာ ဖြစ် ဖို့အတွက် ကျနော်တို့ တတိယ ပါတီပေါ့လေ။ UN အဖွဲ့အစည်းကနေ ပြန်လာဖို့ အဆင်သင့်ဖြစ်ပြီ။ ကျေးရွာတွေမှာ ကွင်းဆင်း ဆောင်ရွက်တဲ့အခါ ဒါတွေဆောင်ရွက်ထားတယ်ဆိုတာ သူတို့ဘက်ကလည်း ဒီ Message ကို ပေးမှာပါ”ဟု ဦးမြင့်သူက ရှင်းပြသည်။
ပထမအကြိမ် ကွင်းဆင်းစစ်ဆေးစဉ်က Technical Working Group တွင် မြန်မာအချို့ ပါဝင်ကြောင်း၊ ယခုတခေါက်တွင် UN အဖွဲ့ဘက်မှ မေတ္တာရပ်ခံချက်အရ လွတ်လပ်စာ လုပ်ဆောင်ခွင့်ပေးထားကြောင်း၊ ကွင်းဆင်းမှုတွင် UNDPနှင့် UNHCR မှ နိုင်ငံခြားသားများ ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိရောက်ရှိနေသည့်အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ အုပ်စု ၁၅ စုသို့ ၇ ရက်ကြာ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီး ယင်းကျေးရွာများရှိ ပြည်သူများကို လူမှုရေး၊ စီးပွားရေး၊ ယှဉ်တွဲ နေထိုင်နိုင်ရေး ကိစ္စများ၊ ၎င်းတို့၏ လိုအပ်ချက်များကို မေးမြန်းမည် ဖြစ်သည်။
ကွင်းဆင်းပြီးနောက်တွင် UNDP က လူမှု စီးပွားရေးဘဝ ဖွံ့ ဖြိုးတိုးတက်ရေးကို အကူအညီ ပေးမည် ဖြစ်ပြီး ဥပမာ စာသင်ကျောင်း၊ ဆေးရုံတို့ကို ထောက်ပံ့မည်ဟု သိရကြောင်း၊ UNHCR ကမူ ဒုက္ခသည်များ လက်ခံနိုင်မှု အဆင်သင့် ဖြစ်၊ မဖြစ်ကို သုံးသပ်မည် ဖြစ်ကြောင်း သိရသည်။
ရခိုင်အရေးကို ဖြေရှင်းရာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးသည့်အခါ ပွင့်လင်းမြင်သာမှု မရှိဆိုသည့် စွပ်စွဲချက်များကို ဖြေလျော့နိုင်ရန်၊ ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ပိုမိုလွယ်ကူလာစေရန် MOU ထိုးထားသော်လည်း အမှန်တကယ် အောင် မြင်ရန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးဆုံး ဖြစ်ကြောင်း လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မ တီဝင် ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က သုံးသပ်သည်.
“ပြန်လည် လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား သဘောတူ လက်မှတ်ထိုးထားတာ ရှိတယ်။ စာချုပ် ရှိတယ်။ အဲဒီထဲမှာ ပါတဲ့ အချက်အလက်တွေအတိုင်း လက်ခံဖို့ မြန်မာဘက်က အဆင်သင့်ပဲ။ ဒါပေမယ့် မရောက်လာတာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ပူးပေါင်းဆောင်ရွက်မှု နည်းလို့ပဲ”ဟု ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်များ ပြန်လည် လက်ခံရာတွင် ပါဝင်ရေး မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတခုကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မြန်မာ အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုသည် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ၁၉၉၃၊ ၁၉၉၄ ခုနှစ်က ပထမအကြိမ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်စဉ်ကလည်း UNHCR နှင့် MOU ထိုးခဲ့ဖူးသည့် အတွေ့အကြုံ မြန်မာဘက်တွင် ရှိခဲ့ဖူးသည်။
ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့များ၏ ကွင်းဆင်းမှုကြောင့် ပြန်လည် လက်ခံရေး အစီအစဉ်များကို အထောက်အကူ ဖြစ်လိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ျှာ်လင့်လျက်ရှိသည်။ သို့သော် အစိုးရဘက်မှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးကမူ မွတ်ဆလင်များ မပြန်နိုင်အောင် ဘင်္ဂလားဒေ့ရှ် အစိုးရက တမင် အချိန်ဆွဲပြီး ယင်းဒေသတွင် Safe Zone တခု ပေါ်လာအောင် လုပ်ဆောင်လာမည်ကို စိတ်ပူကြောင်း သုံးသပ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၈ သိန်းကျော် နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် သတင်း များ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးကြောင်း သိရသည်။