တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် မဲဆွယ်အပြုံး အမည်ရ သရော်စာသည် သတင်း မီဒီယာ ကျင့်ဝတ်ကို ချိုးဖောက်ခြင်း မရှိကြောင်း စွပ်စွဲခံရသူဘက်မှ အထက်တန်း ရှေ့နေ ဒေါ်အေးမွန်သူက ပြောဆိုသည်။
“သရော်စာရဲ့သဘော သဘာဝကိုက ခေတ်ကာလ နိုင်ငံရေး စီးပွားရေး အခြေအနေတွေကို ဟာသလေး နှောပြီး တင် ဆက်ရတဲ့ ရသစာပေ အမျိုးအစား ဖြစ်တယ်။ ဒါသည် သတင်း မီဒီယာဥပဒေ ၄(က)၊ ၉(ဆ) တို့နဲ့ တစုံတရာ ငြိစွန်းခြင်း မရှိဘူး” ဟု ၎င်းက ဧရာဝတီ ကို ပြောသည်။
တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ် တရားရုံး၌ နှစ်ဖက် လျှောက်လဲချက် ကြားနာမှု ပြုလုပ်ခဲ့ရာ စွပ်စွဲခံရသူ၏ ရှေ့နေက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယနေ့ နှစ်ဖက် လျှောက်လဲချက် ပေးရာတွင် အပြန်အလှန် တင်ပြ ချေဖျက်မှုများ ပြုလုပ်ခဲ့ကြပြီး လာမည့် အောက်တိုဘာ ၁ ရက်တွင် စွဲချက် အမိန့် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
မဲဆွယ် အပြုံး သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ တိုင်းအစိုးရ အဖွဲ့ ရုံး ဒု ညွှန်ကြားရေးမှူးက တနင်္သာရီ ဂျာနယ် တာဝန်ခံ အယ်ဒီတာကို ထားဝယ်မြို့နယ် တရားရုံးတွင် သတင်း မီဒီယာ ဥပ ဒေ ပုဒ်မ၂၅ (ခ)ဖြင့် ၂၀၁၇ ဒီဇင်ဘာလ အတွင်းက တရားစွဲဆိုထားခြင်း ဖြစ်သည်။
သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ် လျှင် ပုဂ္ဂိုလ် တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိ ခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ရှေ့နေ ဒေါ်အေးမွန်သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၄(က)တို့တွင် သတင်း မီဒီယာ သမားများသည် အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွတ်လပ်စွာ သတင်းရေးသား ထောက်ပြနိုင်ကြောင်း၊ ထုတ်ဖော်ရေးသားခွင့် ရှိကြောင်း ၎င်း၏ စွဲချက် လျှောက်လဲချက်၌ တင်ပြထားသည် ဟု ရှင်းပြသည်။
“တစုံတယောက်ကို ထိခိုက်တယ်ဆိုရင် အဲဒီ ထိခိုက်တဲ့ ဂုဏ်သိက္ခာကြောင့် သူ ဘာထိခိုက်နစ်နာမှု ရှိသွားလဲ။ ဒီလိုမျိုး တွေ ရှိမှသာပဲ သတင်းမီဒီယာ ကျင့်ဝတ်ကို ချိုးဖောက်ရာ ရောက်မယ်။ ဒီလိုအချက်တွေ မရှိဘဲနဲ့ ဆိုရင်တော့ တရားစွဲ ဆိုခြင်းမျိုးက အဟောသိကံ အချိန်ကုန် ငွေကုန်တယ်။ သက်သက် မီဒီယာကို ဖိနှိပ်ချင်လို့ စွဲဆိုတဲ့ အမှုတခုလို့ ဥပဒေ အမြင်အရ ကောက်ချက်ချလို့ ရတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက အမှု၌ တရားလို အဖြစ် အစစ်ခံသူမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ ဒု ညွှန်ကြားရေးမှူး ဖြစ်ခြင်း၊ တရားလိုပြ သက်သေ အဖြစ် လာရောက် ထွက်ဆိုသူများမှာ ထားဝယ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တွဲဖက် အတွင်းရေးမှူး၊ တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦး၏ ယာဉ်မောင်း ဖြစ်ခြင်း စသည့် အချက်များသည် အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၏ သြဇာခံယူ နေရသူများဟု ပေါ်ပေါက်ခြင်း၊ တရားလိုပြ သက်သေများထဲတွင် ရပ်ရွာလူထုနှင့် အများသဘော ဆန္ဒ အား ကိုယ်စားပြုနိုင်သည့် သာမန် ပြည်သူ လူထုများ မဟုတ်ကြခြင်း ဟူသည့် အချက်များကိုလည်း ထည့်သွင်း ထောက် ပြခဲ့သည်ဟု ဆိုသည်။
တရားလိုဘက်မှ ဥပဒေ အရာရှိကလည်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များကို ပြန်ကောက်ယူခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရေးခွင့်ရှိသည် ဆိုသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ (သတင်း မီဒီယာ ဥပဒေကို ဆိုလိုခြင်း ဖြစ်သည်ဟု ချိတ်ဆက်ပြသွား) သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ မရ ကြောင်း လျှောက်လဲချက် ပေးသွားသည်ဟု ဒေါ်အေးမွန်သူက ပြန်လည် ပြောပြသည်။
တိုင်းအစိုးရက တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် မီဒီယာ ကျင့်ဝတ် မလိုက်နာ၍ ဟူသော အကြောင်းပြချက်ဖြင့် တာဝန်ခံ အယ်ဒီတာအား တရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူး ဦးအေးလူကလည်း ဖေဖော်ဝါရီ ၂၆ ရက် အမှု ၈ ကြိမ်မြောက် ရုံးချိန်း အပြီးတွင် ဧရာဝတီကို ပြောဆိုထားသည်။
တဖက်တွင်လည်း တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားခြင်းကို ချေဖျက်ပေး ရန် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တနင်္သာရီ ဂျာနယ်ဘက်က ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် လျှောက်ထားခဲ့ပြီး တရားလွှတ်တော်ချုပ်၏ လက်ခံသင့်/ မသင့် ကြားနာမည့် ရုံးချိန်းကို စောင့်ဆိုင်းနေကြောင်း သိရသည်။