ပုဂ္ဂလိက ကိုယ်ပိုင် စာသင်ကျောင်းများကို အစိုးရမှ မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးမှ အပ မည်သည့် အခွန်ှမျှ ကောက်ခံ ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိရသည်။
ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး၌ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ဖြေကြားခြင်း ဖြစ်သည်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က “ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကိုယ်ပိုင် ကျောင်းများကို အခွန်ကောက်ယူခြင်း မရှိပါဘူး” ဟု ဆိုသည်။
ဒဂုံမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွင်း တရားဝင် ခွင့်ပြုပေးထား သော ကိုယ်ပိုင် စာသင်ကျောင်းပေါင်း၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ အရေအတွက်နှင့် ထိုကိုယ်ပိုင် စာသင် ကျောင်းများမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ရရှိမည့် မှတ်ပုံတင်ကြေးနှင့် အခွန်ပေးဆောင်ငွေ စုစုပေါင်း မည်မျှ ရရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး အရ ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ကျောင်းများသည် ဝင်ငွေ ရရှိမှုများလည်း များပြားနေသည့် အတွက် ထိုဝင်ငွေ အပေါ်တွင် ကြီးကြပ်၍ အခွန်ကောက်ခံမှုများ ပြုလုပ်ရန် သုံးသပ်သင့်ကြောင်း ဦးကျော်ဇေယျ က ဧရာဝတီသို့ ပြော ဆို သည်။
ဦးကျော်ဇေယျ က “တချို့ကျတော့ ညအိပ် ဘော်ဒါဆောင်တွေဘာတွေ ထားပြီးတော့ ကျောင်းသား ဦးရေ များတယ် အမှန်တော့ ဝင်ငွေခွန် ပေါ့နော်။ သူတို့ ဒီစာသင်ကျောင်းဖွင့်လို့ ဝင်ငွေ ဘယ်လောက် ရှိသလဲ။ ပညာရေး လောက တိုးတက်တာတော့ မှန်ပါတယ်။ သို့သော်လည်း ဒီလို အခွန်ကျတော့ အားနည်းတာပေါ့။ ဒါက ရသင့်ရထိုက်တယ်။ တချို့ စီးပွားရေး သိပ်ဆန်တယ်။ ဒီလို စီးပွားရေးဆန်နေတယ် ဆိုရင် အခွန်နှုန်းထားကို ပြန်ပြီးတော့ ကြည့်ရမယ် စိစစ်ရမယ်” ဟု ပြောသည်။
လက်ရှိ အစိုးရမှ ကောက်ယူနေသည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကြေးသည် ၅ သိန်း ဖြစ်ပြီး နှစ်စဉ်ကြေးသည် ၃ သိန်း ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ ဦးကျော်ဇေယျ က “တချို့ကျတော့ ဝိုင်းသဘော နည်းနည်းပါးပါး ဆိုင်းဘုတ်လေးထောင်ပြီးတော့ လုပ်တာတွေ ရှိပါတယ်။ ဒါကိုတော့ ပြန်ကြည့်ရမှာပေါ့ တချို့ကျတော့ တကယ့်ကို စီးပွားဖြစ်ပြီးတော့ အဆင်ပြေနေတယ် ဒါကို လည်း ဝမ်းသာပါတယ်။ သူတို့လည်း အဆင်ပြေ၊ နိုင်ငံတော်လည်း အဆင်ပြေ win-win policy ဆိုတော့ ကောင်းတာပေါ့။ အဲဒါတွေကို ပြန်သုံးသပ်သင့်တယ် ထင်တယ်” ဟု ဆိုသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပညာရေး ဝန်ကြီးဌာနမှ တရားဝင် ဖွင့်လှစ်ခွင့်ပြုထား သည့် ကိုယ်ပိုင် အထက်တန်းကျောင်း ၁၅၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်းနှင့် မူလတန်းကျောင်း ၃၇ ကျောင်း ရှိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ စာရင်းများ၌ ဖော်ပြထားသည်။
ထို့ပြင် ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင် လတ်မှတ်ရ အထက်တန်းပြ ၁၃၅၇ ဦး၊ အလယ်တန်းပြ ၈၅၂ ဦး၊ မူလတန်းပြ ၈၁၀ ဦး ရှိကြောင်း နှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ ၂၂၁၇၁ ဦး၊ အလယ်တန်း အဆင့် ၁၃၆၀၁ ဦး၊ မူလ တန်း အဆင့် ၂၁၄၇၉ ဦး ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် ကျောင်းသား တဦးလျှင် နှစ်စဉ်ကြေး ဆယ်သိန်း အစရှိသဖြင့် ပေးသွင်း နေရခြင်း ဖြစ်ကာ ကျောင်းအိပ်၊ ကျောင်းစား (ဘော်ဒါ) ဆိုပါက ကျပ်သိန်း ၅၀ ခန့် အထိ ပေးရသည်ပင် ရှိကြောင်း ကျောင်းသား မိဘ များထံမှ သိရသည်။
ရန်ုကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ အချက်အလက်များ အရ ပြီးခဲ့သည့် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် ကိုယ်ပိုင် ကျောင်းများမှ ရငွေ ၆၆၂ သိန်း ကို နိုင်ငံတော်သို့ ပေးသွင်းခဲ့ကြောင်း သိရသည်။