သတင်း

ရထားလမ်းပေါ်တွင် သေဆုံးသူ အရေအတွက် မြင့်တက်နေ

Want create site? Find Free WordPress Themes and plugins.

ရထားလမ်းတွင် စည်းကမ်းမဲ့သွားလာနေထိုင်မှုများနှင့် ရထားလမ်းကူးဂိတ်များတွင် ရထားနှင့် ကားမတော် တဆမှုများ ကြောင့် သေဆုံးသူ အရေအတွက်သည် ယခင်နှစ်ကထက် မြင့်တက်နေကြာင်း မြန်မာ့မီးရထားရုံးချုပ် မှ စုံစမ်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ယခင်နှစ် ဇန်နဝါရီမှ သြဂုတ်လ အထိ ၈ လ အတွင်း သေဆုံးမှာမှာ ၆၅ ဦးသာ ရှိခဲ့သော်လည်း ယခုနှစ် ၈ လတာ ကာလအတွင်းသေဆုံးမှုမှာ ၇၇ ဦးရှိကြောင်း သိရသည်။

ယခုနှစ် ၈ လတာ ကာလအတွင်း စည်းကမ်းမဲ့သွားလာ နေထိုင်ခြင်းကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများကြောင့် ဒဏ်ရာရသူ ၅၈ ဦး၊ သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ရထားလမ်း ဖြတ်ကူးမှုများကြောင့် ဒဏ်ရာရသူ ၃၁ ဦး သေဆုံးသူ ၁၀ ဦး အထိ ရှိခဲ့သဖြင့် စုစုပေါင်း ဒဏ်ရာရသူ ၈၉ ဦးနှင့် သေဆုံးသူ ၇၇ ဦး ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အလားတူကာလတွင်လည်း စည်းကမ်းမဲ့သွားလာနေထိုင်မှုကြောင့် ဒဏ်ရာရသူ ၆၅ ဦး၊ သေဆုံးသူ ၅၇ ဦးရှိခဲ့ပြီး ရထားလမ်းဖြတ်ကူးမှုကြောင့် ၃၁ ဦး ဒဏ်ရာရပြီး ၈ ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း ဒဏ်ရာရသူ ၉၆ ဦး၊ သေဆုံးသူ ၆၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အတွက် ပြီးခဲ့သည့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ထိခိုက်ဒဏ်ရာရသူဦးရေ လျော့ကျခဲ့သော်လည်း သေဆုံးသူဦးရေ တိုးမြင့်လာကြောင်း သိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရသေဆုံးမှုများ တိုးမြင့်လာသည့်အတွက် ရထားလမ်းအနီး နေထိုင်သူများ၊ မော်တော်ယာဉ် မောင်းနှင်သူများနှင့် ကျောင်းသူကျောင်းသူ၊ ကျောင်းသားများကို ရထားလမ်းအနီး စည်းကမ်းမဲ့ နေထိုင်ခြင်း မပြုရန်နှင့် ရထားလမ်းကို ဂရုစိုက်ဖြတ်ကူးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသိပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားရုံးချုပ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်ငွေက ပြောသည်။

ဦးတင်ငွေက “ဒီလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများပြားလာတဲ့အတွက် ပညာပေးမှုအစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်လျှက် ရှိပါတယ်။ အဓိက ကတော့ဖြတ်ကူးတဲ့အခါ သတိရှိဖို့၊ တရားမဝင်ဂိတ်တွေမှာ ဖြတ်ကူးမယ်ဆိုရင် အန္တရာယ် ဘယ်လိုရှိတယ်ဆိုတာကို အဓိက ပညာပေးအစီအစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ရထားလမ်းတွင် စည်းကမ်းမဲ့သွားလာနေထိုင်မှုများထဲတွင် ရထားလမ်းပေါ် လဲလျောင်းအိပ်စက်ခြင်း၊ ဝိုင်းဖွဲ့ စကားပြောခြင်း၊ သောက်စားခြင်း၊ ရထားလာနေသည်ကို လွတ်မည်အထင်ဖြင့် ဖြတ်ကူးခြင်း၊ နားကြပ်တပ် သီချင်းနားထောင်ခြင်းနှင့် ဖုန်းပြောခြင်းများပြုလျှက် ရထားလမ်းပေါ်လမ်းလျှောက်ခြင်း၊ ဖြတ်ကူးခြင်း၊ ဘေးဘယ်ညာ မကြည့်ဘဲ ဖြတ်ကူးခြင်းတို့နှင့် ရထားတွဲခေါင်မိုး၊ တွဲကြား၊ တွဲတံခါးပေါက်မှ စီးနင်းခြင်းတို့ ဖြစ်ကြောင်း ယင်းကဲ့သို့ အပြုအမူများကို ရှောင်ရှားရမည်ဖြစ်ကြောင်းလည်း ဦးတင်ငွေက ဆိုသည်။

ထို့အပြင် မြန်မာ့မီးရထားမှ ခွင့်ပြုထားခြင်းမရှိသော တရားမဝင်ရထားလမ်းကူးများမှ ဖြတ်ကူးခြင်းကြောင့် ယာဉ်မတော် တဆမှုများ အများဆုံးဖြစ်ပေါ်နေသည့်အတွက် တရားမဝင်ရထားလမ်းကူးများကို ပိတ်သိမ်းခြင်း၊ မဖြစ်မနေလိုအပ်သည့် ရထားလမ်းကူးများကို စနစ်တကျ ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးရထားလမ်းကူးများတွင် တရားဝင်လမ်းကူးဂိတ်အနေဖြင့် အစောင့်ရှိသည့် ဂိတ် ၇၁၈ ဂိတ်၊ အစောင့် မရှိသည့်ဂိတ် ၉၄၉ ဂိတ်၊ စုစုပေါင်း တရားဝင်ဂိတ် ၁၆၆၇ ဂိတ်နှင့် တရားမဝင် လမ်းကူးဂိတ် ၂၄၈၅ ခုရှိသဖြင့် ရထားလမ်းကူး စုစုပေါင်း၏ ၆၀ ရာနှုန်းမှာ တရားမဝင်လမ်းကူးများဖြစ်ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ စာရင်းဖော်ပြတဲ့အခါ တရားဝင်ရထားလမ်းကူးတွေမှာ ဖြစ်တဲ့ဖြစ်စဉ်က မရှိသလောက် နည်းပါပြီး တရားမဝင်လမ်းကူးတွေမှာ ဖြတ်ကူးတဲ့အတွက် ဖြစ်တာက အများဆုံးဖြစ်ပါတယ်” ဟု ဦးတင်ငွေ က ပြောသည်။

ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက မြန်မာ့မီးရထားအနေဖြင့် ရန်ကုန် မန္တလေး ရထားလမ်းကို အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရန် အဆင့်မြှင့်တင်နေသဖြင့် လာမည့်ကာလများတွင် ရထားလမ်း ဘေးဝဲယာများကို ဖြတ်သန်းသွားလာခြင်း မပြုနိုင်ရန် ကာရံခြင်း၊ ရထားလမ်းကူးများကို အဆင့်မြှင့်တင်ခြင်းများ ယခုထက်ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း စည်းကမ်းလိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးကော်မတီ အတွင်းရေးမှူး လည်းဖြစ်သည့် ဦးနေထူးဗဆွေ က “ယာဉ်မောင်းရင်၊ဆိုင်ကယ်မောင်းရင် လိုင်စင်မရှိဘဲ ကြုံသလိုမောင်းကြတာ၊ စည်းကမ်း မလိုက်နာဘဲ မောင်းကြ တာတွေ ရှိတယ်လေ။ သူတို့တွေကလည်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လေ့လာပြီး လိုက်နာဖို့ လိုတာပေါ့။ မီးရထားဘက်ကလည်း အချက်ပြစနစ်တွေ၊ အန္တရာယ် သတိပေးဆိုင်းဘုတ်တွေ လုပ်ပေးဖို့ နဲ့ စည်းကမ်းလိုက်နာဖို့ အသိပညာပေးတာတွေ ပိုပြီး လုပ်ပေးဖို့ လိုတာပေါ့” ဟု ပြောသည်။

စည်းကမ်းမဲ့ သွားလာနေထိုင်မှုနှင့် ရထားလမ်းကူးမတော်တဆမှုများကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ဒဏ်ရာရသူ ၁၆၆ ဦးနှင့် သေဆုံးသူ ၁၀၈ ဦး၊ ၂၀၁၆ ခုနှစ် အလားတူကာလတွင် ဒဏ်ရာရသူ ၉၁ ဦးနှင့် သေဆုံးသူ ၁၀၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ဒဏ်ရာရသူ ၁၄၈ ဦးနှင့် သေဆုံးသူ ၉၁ ဦးတို့ရှိခဲ့ကြောင်း သိရသည်။

ရထားပို့ဆောင်ရေးဥပဒေအရ မီးရထားမောင်းနှင်လာစဉ် ယာဉ်များ၊ လူများနှင့် တိုက်မိပါက အတိုက်ခံရသည့် ယာဉ်နှင့် လူများကို တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading