မြန်မာနိုင်ငံ အတွင်း ပုဂ္ဂလိက ဆေးတက္ကသိုလ်နှင့် သူနာပြု တက္ကသိုလ်များ လာရောက် ဖွင့်ရန် ပြည်ပနိုင်ငံများမှ ကမ်း လှမ်းမှုများ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
ဒေါက်တာ မြင့်ထွေးက “ပုဂ္ဂလိက ဆေးကျောင်းတွေ၊ ပုဂ္ဂလိက သူနာပြု ကျောင်းတွေ ဖွင့်ဖို့ တာဆူနေပါတယ်။ ကျနော် တို့ကို အများကြီး လာတွေ့နေပါတယ်။ အဆင်သင့် ဖြစ်နေတယ်။ သို့သော် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ မထွက်သေးဘူး ပြောပါတယ်။ အဲဒါ ထွက်လာရင် ဒါကို လုပ်လို့ ရတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
မြန်မာနိုင်ငံ အတွင်း ယင်းကဲ့သို့ ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းများ လာရောက် ဖွင့်လှစ်ရန် အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့မှ ကမ်းလှမ်း ကြကြောင်း၊ သူနာပြု တက္ကသိုလ် အောင်မြင်သူများမှာ မြန်မာနိုင်ငံ အတွင်းနှင့် တခြား နိုင်ငံများတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း ပေါများကြောင်းကို ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးသွားသည်။
ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက “တိုင်းပြည်မှာ သူနာပြု အင်အားက ပြည့်မီအောင် မထည့်နိုင်ဘူး။ ထွက်တဲ့သူတွေကလည်း များလာတယ်။ အစိုးရနဲ့ ပြင်ပ အလုပ်ဆိုရင် ပြင်ပ အလုပ် ရွေးချယ်တာ များလာတယ်။ ဒီလို သင်တန်းကျောင်းတွေ ဖွင့်ပေးရင်တော့ အလွန် ကောင်းပါ တယ်” လို့ ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။
ထိုသို့ သင်တန်းကျောင်းများတွင် ပညာရပ်များ သင်ကြားပြီးမှ နိုင်ငံခြား ထွက်၍ အလုပ်လုပ်ပါကလည်း ပညာရပ် တခုနှင့် အလုပ်ထွက် လုပ်ခြင်း ဖြစ်သည့် အတွက် ပို၍ ကောင်းမွန်နိုင်ကြောင်း၊ ထို့ကြောင့် အစိုးရမှ ယင်းကဲ့သို့ သင်တန်းကျောင်း များ ဖြစ်စေ၊ နိုင်ငံတကာမှ ဖြစ်စေ လာရောက် ဖွင့်လှစ်ခြင်းမှာ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း များပြားလာနိုင် ကြောင်း ၎င်းက ပြောသည်။
စက်တင်ဘာ ၁၇ ရက်က မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်က ဒေါက်တာ ဦးကြွယ်ကြွယ်က ဆေးတက္ကသိုလ် ဝင်ခွင့်အား ယောကျာၤး၊ မိန်းမ ခွဲခြားပြီး ၅၀ ရာခိုင်နှုန်းစီ သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန်နှင့် ရရှိသည့် အမှတ် အလိုက် အစဉ် အတိုင်း ဝင်ခွင့်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းကို ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ဒေါက်တာ မြင့်ထွေး က “လောလောဆယ်မှာတော့ ပြင်ဆင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ပြင်ဆင်မယ်ဆို ပါမောက္ခချုပ်တွေ၊ ပါမောက္ခ တွေနဲ့ အကုန်လုံး ညှိနှိုင်းပြီး အစိုးရ အဖွဲ့ရုံးကို တင်ပြီးမှ ပြောင်းဖို့ သင့်တယ် ဆိုရင် ပြောင်းမှာပါ” ဟု ပြော သည်။
ထိုကဲ့သို့ ပြည်ပနိုင်ငံများမှ လာရောက် ကမ်းလှမ်းသည့် ပုဂ္ဂလိက ဆေးတက္ကသိုလ်နှင့် သူနာပြု တက္ကသိုလ်များ လက်ခံ ဖွင့် လှစ်နိုင်ရန် အတွက် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နှင့် ကိုယ်စားလှယ်များကလည်း ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် သူနာပြု သင်တန်းကျောင်း အသီးသီးက မွေးထုတ်ပေးခဲ့သည့် သူနာပြု စုစုပေါင်းမှာ ၃၃၇ဝ၄ ဦး၊ ခန့်ထား ၂၀၆၈၃ ဦး ရှိပြီး လစ်လပ် ၁၇၀၂၁ ဦး ရှိကြောင်းနှင့် အစိုးရ ပြည်သူ့ဆေးရုံများ၌ သူနာပြု ဝန်ထမ်းအင်အား နည်းပါး နေပြီး အလုပ် မဝင်ရောက်သူ ဦးရေ များလာသော ကြောင့် ၂၀၁၅ ခုနှစ်မှ စ၍ သူနာပြု များကို ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်စဉ်မှာပင် တပြိုင်နက် နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ် ခန့်စာကို ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သိရသည်။
ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုများတိုးမြှင့် ခန့်ထားပေးရေးအတွက် ယခုနှစ် အတွင်း ဆရာဝန်ဦးရေ ၂ ထောင်အား ခန့်အပ်ရန် သဘောတူညီမှု ရရှိပြီး ဖြစ်သကဲ့သို့ သူနာပြုများ အနေနှင့်လည်း နှစ်စဉ် ၁၈၀၀ ဦးရေသာ ခေါ်ယူရာမှ ယခုနှစ်၌ ၃၆၀၀ အထိ တိုးမြှင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သြဂုတ်လက ပခုက္ကူမြို့၊ ချောက် ကန်ကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေး စကားဝိုင်း၌ ဒေါက်တာ မြင့်ထွေးက ပြောဆို သွားသည်။