သတင်း

သားဖွားဆရာမအား မူးယစ်မှုဖြင့် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို ခုံရုံးဖွဲ့စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တိုင်းမ် မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ်မှ အမှု ဆောင်အရာရှိချုပ် ဦးဝရိန်မိုးအား ကာမလိမ်လည်မှုဖြင့် သားဖွားဆရာမ ဒေါ်သန်းသန်းမြင့် က ဂန့်ဂေါမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ယင်းအမှု ကြားနာပြီးအပြန်လမ်းတွင် ဆိုင်ကယ်အတွင်း မူးယစ်ဆေးများ တွေ့ရှိပြီး ဒေါ်သန်းသန်းမြင့် အဖမ်းခံလိုက်ရသည်။ ထိုဖြစ်စဉ်သည် ထောင်ချောက်ဆင် ဖမ်းဆီးမှုဖြစ်နိုင်ကြောင်း မိသားစုဝင်များနှင့် အများပြည်သူက ဝိုင်းဝန်း တောင်းဆိုလာကြပြီးနောက် မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်စဉ်တွင် ပါဝင်သူ အားလုံးကို ခုံရုံးဖွဲ့စစ်ဆေးမှု ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးမှုဖြစ်စဉ်အား ပြန်လည်စစ်ဆေးရာ၌ ဒေါ်သန်းသန်းမြင့်အား ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအပြင် နေပြည် တော်တိုင်းမ် မှုခင်းသတင်းအဖွဲ့မှ သတင်းထောက် ၃ ဦးလည်းပါဝင်ကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်ကပြောသည်။

ရဲမှူးဝင်းထွဋ် က “အမှုအကြောင်းအရာ အခြေအနေ၊ ဘယ်ကဘယ်လိုသတင်းရလဲ ဆိုတာမျိုးလေးတွေပါ၊ သူတို့က အထူးအဖွဲ့အနေနဲ့ စစ်တာဆိုတော့ အထဲတော့ဝင်လို့မရဘူး၊ ဖမ်းတုန်းက ပါခဲ့တဲ့သူတွေကို ခုံရုံးအနေနဲ့ ဖွဲ့ပြီးစစ်တာပေါ့၊ နောက်ထပ် ဖမ်းဆီးတာမျိုးတွေတော့ မရှိသေးဘူး၊ စစ်ဆေးနေဆဲပါ” ဟု ဧရာဝတီသို့ပြောသည်။

သားဖွားဆရာမ ဒေါ်သန်းသန်းမြင့်သည် စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့နယ်တရားရုံးမှအပြန် ဂန့်ဂေါ-ကလေးလမ်း မိုင်တိုင် ၁၁၂ အနီးတွင် တားဆီးစစ်ဆေးခံရပြီး ဆိုင်ကယ်ဒူးကာအံခွက်အတွင်း မူးယစ်ဆေးပြား ၁၈ ပြား တွေ့ရှိသည်ဟုဆိုကာ ဂန့်ဂေါရဲစခန်းတွင် မူးယစ်ဆေး ဥပေဒပုဒ်မ ၁၆(ဂ)ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒေါ်သန်းသန်းမြင့်၏ မောင်ဖြစ်သူ ကိုအောင်ဇော်ဝင်း က “အမနဲ့ကျနော်က တအိမ်ထဲနေတာပါ၊ ဆေးတွေက သူလုပ်တာ လုံးဝမဟုတ်ပါဘူး၊ လုပ်ကြံမှုတခုပဲလို့ ယုံကြည်တယ်၊ အမှုမှန် မြန်မြန်ပေါ်စေချင်တယ်” ဟုပြောသည်။

ဖမ်းဆီးမခံရမီ ဒေါ်သန်းသန်းမြင့် အနေဖြင့် နေပြည်တော်တိုင်းမ် မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ်မှ အမှု ဆောင်အရာရှိချုပ် ဦးဝရိန်မိုးအား ကာမလိမ်လည်မှုဖြင့်လည်းကောင်း၊ နေပြည်တော်တိုင်းမ်မီဒီယာမှ မှုခင်းသတင်း ထောက်ဟောင်း မောင်ဇော်(ပွင့်ဖြူ) ဆိုသူအား ကျပ်သိန်း ၂၀ လိမ်လည်ရယူမှုဖြင့် လည်းကောင်း ဂန့်ဂေါတရားရုံးတွင်း တရားစွဲဆိုကာ အမှုရင်ဆိုင်နေသူဖြစ်သည်။

ဦးဝရိန်မိုးအနေဖြင့် ကာမလိမ်လည်ရယူမှုအား ၎င်း၏တပည့်များက ဗီဒီယိုခိုးရိုက်ကာ အကြပ်ကိုင်ခြင်း၊ မှုခင်းသတင်းအဖွဲ့တွင် ရာထူးကြီး ပေးမည်ဟု ပြောဆိုကာ ကျပ်သိန်း ၂၀ တောင်ခံခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးမခံရမီ ဒေါ်သန်းသန်းမြင့် လူမှုကွန်ရက် အကောင့်တွင် ရေးသားဖော်ပြမှုများပြုလုပ်ထားသည်။

ဒေါ်သန်းသန်းမြင့်သည် မူလက ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ကျေးရွာ၊ ကျေးလက်ကျန်းမားရေးဌာနတွင် တာဝန်ထမ်းဆောင်နေရာမှ ပြသနာများ ဖြစ်ပွားပြီးနောက် ကလေးမြို့နယ်၊ သစ်ချောက်ကျေးရွာသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်မှာ သုံးလခန့်ရှိပြီးဖြစ်ကြောင်းလည်း ကိုအောင်ဇော်ဝင်း က ပြောသည်။

လက်ရှိတွင် ဒေါ်သန်းသန်းမြင့် အဖမ်းခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ထောင်ချောက်ဆင်ခံရခြင်းဖြစ်ကြောင်းနှင့် ဦးဝရိန်မိုးနှင့် တရားရင်နေရသည့်အကြောင်းများ ပျံ့နှံ့လျှက်ရှိပြီး မကွေးတိုင်းဒေသကြီး ဒေါက်တာ အောင်မိုးညို ကပင် အမှုမှန်ပေါ်ပေါက်ရေး အတွက် စိစစ်ကြပ်မတ်ရန် တိုင်းရဲချုပ်ထံ ညွန်ကြားထားကြောင်း တိုင်းသယံဇာတဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

နေပြည်တော်တိုင်းမ် မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ်မှ အမှု ဆောင်အရာရှိချုပ် ဦးဝရိန်မိုး က “အခုကိစ္စတွေကို တရား ဥပဒေ အတိုင်းပဲ အမှန်တရားကို ရင်ဆိုင်ဖြေရှင်းမှာပါ၊ Facebook မှာပြောဆို ဝေဖန်နေကြတာက ကျနော့်ကို အပြုတ်တိုက်ချင်နေတဲ့ သူတွေက ချောက်ချနေကြတာပါ” ဟု ဧရာဝတီသို့ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်တိုင်းမ်ရုံးခွဲအား မွှေ့လယ်ရွာအနီးရှိ ကျေးရွာတွင် ဖွင့်လှစ်ရန်သွားရောက်စဉ် ဒေါ်သန်းသန်းမြင့်မှ အဖွဲ့သို့ ဝင်လိုကြောင်း ဆက်သွယ်ခဲ့ပြီး ၎င်းမှကျွေးမွေးလိုကြောင်း ထပ်မံပြောဆိုသည့်အတွက် စားသောက်ဆိုင်၌ ထပ်မံတွေ့ဆုံဖြစ်ခဲ့သည့် တကြိမ်းသာ တွေ့ဆုံဖူးကြောင်း ဦးဝရိန်မိုး က ပြောသည်။

ဒေါ်သန်းသန်းမြင့်ထံမှ မောင်ဇော် (ပွင့်ဖြူ) အနေဖြင့် ကျပ်သိန်း ၂၀ ရယူခဲ့ခြင်းကိုလည်း မသိရှိခဲ့ကြောင်း၊ ဒေါ်သန်းသန်းမြင့်ထံမှ ပိုက်ဆံယူထားကြောင်း သိရှိခဲ့ချိန်တွင်လည်း မောင်ဇော်အား အဖွ့ဲမှ ထုတ်ပယ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိတွင် အမှုအပေါ် စိစစ်မှုနှင့်ပတ်သက်ပြီး ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး အောင်မင်းလွင်က ဒေသခံ လွှတ်တော် ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံကာ ဖြေရှင်းမှုပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် သတင်းပေး တိုင်းကြားသူရှိလာပါက စစ်ဆေးဖမ်းဆီးရမည်သာဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် မဲဆန္ဒ(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း က “အမှုက ထောင်ချောက်ဆင်တာလည်း ဖြစ်နိုင်တဲ့အတွက် စောင့်ကြည့်နေပါတယ်၊ ခုလောလောဆယ်တော့ ဖမ်းတဲ့ ရဲတွေကိုပါ စစ်ဆေးမှုတွေ လုပ်နေတုန်းပဲ၊ အဖြေတော့ မထွက်သေးဘူး” ဟု ပြောသည်။

လတ်တလောတွင် အမှုရင်ဆိုင်နေရသည့် အခြေအနေများကြောင့်လည်း နေပြည်တော်တိုင်းမ် မှုခင်းနှင့် သတင်းစုံဂျာနယ် ထုတ်ဝေမှုအား ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading