ရုရှလူမှုကွန်ရက် VKontakte (VK) တွင် အကောင့်သစ်ဖွင့်လှစ်ပြီး နှစ်ပတ်မျှ အကြာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်ရှိ အကောင့်သည် လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် ဖယ်ရှားပစ်ခံခဲ့ရပြန်သည်။
မြန်မာ့တပ်မတော် အကြီးအကဲ၏ အကောင့်ကို လူမှုကွန်ရက်များမှ ဖယ်ရှားခံရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ” ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သော သို့မဟုတ် ကျူးလွန်စေသည်” ဟု မှတ်ချက်ပေးကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့၏ စာမျက်နှာများနှင့် အကောင့်များကို ပိတ်ပင်လိုက်ကြောင်း အမေရိကန် အခြေစိုက် လူမှုကွန်ရက် ဖေ့ဘွတ်က သြဂုတ်လနှောင်းပိုင်းတွင် ကြေညာခဲ့သည်။
ထိုဖေ့ဘွတ် အကောင့်များနှင့် စာမျက်နှာများသည် လူ့အခွင့်အရေးချိုးဖေါက်မှုများ အထူးသဖြင့် လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းကို ဖြစ်စေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာထွက်လာပြီးနောက် အထက်ပါအတိုင်း ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့သည်။
၄၈ နာရီပင်မပြည့်သေးမီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်ဖြင့် VK တွင် အကောင့်သစ် ဖွင့်လှစ်ကူးပြောင်းခဲ့သည်။ ယင်း အကောင့်သစ်မှာလည်း စနေနေ့ညက ပိတ်ပင်ခံလိုက်ရပြန်သည်။ VK ၏ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များကိုချိုးဖေါက်သောကြောင့် ဤစာမျက်နှာကို ပိတ်ပင်လိုက်သည်ဟု ရေးသားထားသည်။
တင်္နလာနေ့တွင် ထုတ်ပြန်ကြေညာသော စိန့်ပီတာစဘတ် အခြေစိုက် VK ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ “သုံးစွဲသူ အများအပြားထံမှ တိုင်ကြားစာများကို လက်ခံရရှိပြီးနောက် ထိုအကောင့်ကို အပြီးတိုင် ပိတ်သိမ်းကြောင်း” ရေးသားထားသည်။
သို့သော် စနေနေ့က အပိတ်ခံရပြီး မိနစ်အတန်ကြာတွင်မူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံ ဖေါ်ပြထားသော သူ၏အမည်ဖြင့် စာမျက်နှာသစ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုစာမျက်နှာသစ်တွင် ဖော်ပြသော ပထမဆုံး အကြောင်းအရာမှာ ရှမ်းပြည်နယ် ကလောမြို့နယ်မှ တပ်မတော်အရာရှိများ နှင့် ဗိုလ်ချုပ်မှူးကြီးတွေ့ဆုံသော သတင်းဖြစ်သည်။ တနင်္လာနေ့သို့ ရောက်သောအခါ ထိုစာမျက်နှာကို ပုံမှန် ဖတ်ရှုသူ ၄၆၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
VK ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ မြန်မာဘာသာဖြင့် ဖွင့်ထားသော ပရိုဖိုင်များကို စောင့်ကြည့်ရန် ဆုံးဖြတ်ထားပြီး “မြန်မာနိုင်ငံမှ သုံးစွဲသူများ၏ စာမျက်နှာများနှင့် အသိုင်းအဝိုင်းများကြားတွင် ရေးသားဖြန့်ချိမှုများအား စောင့်ကြည့်နိုင်ရန် မြန်မာ စကားတတ်ကျွမ်းသူများကို အထူးငှားရမ်းထားသည်”ဟု ဖော်ပြထားသည်။
AFP သတင်းတပုဒ်တွင်မူ အမျိုးသားရေး အစွန်းရောက် ဘုန်းတော်ကြီး ဦးဝီရသူ၏ အကောင့်ကိုလည်း VK က ပိတ်ပစ်လိုက်ကြောင်း ရေးသားထားသည်။ ဦးဝီရသူသည် မွတ်ဆလင်မုန်းတီးရေး ဟောပြောမှုများကြောင့် ဖေ့ဘွတ်မှ အစောဆုံး အကောင့်ပိတ်ခံရသူ ဖြစ်သည်။