သတင်း

ဧရာဝတီတိုင်းရှိ မြို့ဝင်ဘီးခွန်ကောက် ဂိတ်အားလုံး ဖျက်သိမ်းမည်

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း အတွင်းရှိ မြို့အသီးသီး၌ ကောက်ခံနေသည့် မြို့ဝင်ဘီးခွန် ကောက်သည့် ဂိတ်များ အားလုံးကို ယခုလကုန် မှစ၍ အပြီး ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး စည်ပင် သာယာရေး အဖွဲ့နှင့် တိုင်းဒေသကြီး ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တို့ ပူးပေါင်း ညှိနှိုင်းမှု အရ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် အပိုင်း-၂ စမည့် အောက်တိုဘာလ ၁ ရက်မှ စ၍ မြို့ဝင် ဘီးခွန် ကောက်သည့် စနစ်အား ဖျက်သိမ်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ယင်းအစား မော်တော်ကား၊ ဆိုင်ကယ်များ လိုင်စင် သက်တမ်း တိုးချိန်၌ ဘီးခွန်များ တပြိုင်နက်တည်း ကောက်ခံမည့် စနစ်ကို ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်သည်။

စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က “ယာဉ်လိုင်စင် အသစ် လုပ်တာတွေ၊ လိုင်စင် သက်တမ်းတိုးတာတွေ လုပ်ရာ မှာ စည်ပင် သာယာဌာနမှာ ဘီးခွန် ဆောင်ပြီးကြောင်း ထောက်ခံစာပါမှ ကညန က လုပ်ပေးမယ်။ အဲဒီလို ဆိုရင် မြို့ဝင် ဘီးခွန် ကောက်စရာ မလို တော့ဘူး။ အဓိကတော့ ပြည်သူ လူထု စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေး အတွက် ရည် ရွယ်ပြီး အခုလို ဆုံးဖြတ် ဆောင်ရွက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ယခုလို ဘီးခွန်ကောက်ခံသည့် စနစ်အား ပြောင်းလဲလိုက်သည့် အတွက် အခွန်ပုန်း၊ အခွန်ရှောင်များကို စနစ်တကျ ပိုမို ကောက်ခံ နိုင်မည် ဖြစ်ပြီး ခရီးသွား ပြည်သူများနှင့် မြို့ဝင်ဘီးခွန် ကောက်ခံသူများကြား ပြဿနာ ဖြစ်ပွားမှုများ ပပျောက် သွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဧရာဝတီတိုင်း အတွင်း၌ မြို့ဝင် ဘီးခွန်များ ကောက်ခံရာတွင် မြို့တချို့၌ ကားလမ်းပေါ်တွင် အတားအဆီးများ ချ၍ ကောက်သဖြင့် အများပြည်သူ ခရီးသွားလာမှု အနှောင့်အယှက် ဖြစ်ခြင်း၊ မသက်ဆိုင်သည့် ယာဉ်များကို မြို့ဝင်ဘီးခွန် တောင်းခံခြင်း၊ အဝေးပြေး ကားလမ်းမပေါ် တက်ရောက်၍ မြို့ဝင်ဘီးခွန် ကောက်ခံခြင်းများကြောင့် ခရီးသွား ပြည်သူများ နှင့် ဘီးခွန် ကောက်ခံသူများကြား အငြင်းပွားခြင်း၊ စကားများခြင်းတို့ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများ ဆို သည်။

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည့် ပုသိမ်မြို့ဝင်ဘီးခွန်ကောက်ခံနေသည့်ဂိတ်

မြို့ဝင်ဘီးခွန် ကောက်ခံနေသည့် နှုန်းထားများအနေနှင့် ယာဉ်အမျိုးအစားပေါ် မူတည်၍ ၂၀၀ ကျပ်မှ ၁ ထောင်ကျပ် အထိ ကောက်ခံလျက် ရှိကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက သိရသည်။

ပုသိမ်မြို့မှ ယာဉ်လိုင်း ပိုင်ရှင် တဦး ဖြစ်သူ ဦးထွန်းရွှေက “မြို့ဝင် ဘီးခွန်ကောက်တာက တချို့မြို့တွေမှာ ဝီစီတွေ မှုတ်ပြီး အတင်းတား ကောက်တော့ မြို့ဝင်ဂိတ်မှာ ကားတွေ ပိတ်တာတွေ ရှိတယ်။ အဲဒီတော့ အရေးတကြီး သွားရတဲ့ ခရီးတွေမှာ နှောင့်နှေးတာတွေ ဖြစ်တယ်။ ကားပိတ်လို့ ကျော်တက်ရင် ဘီးခွန်ကောက်တဲ့လူက ဆဲဆိုတာ ခံရသေးတယ်။ ပြီးတော့ မြို့ ဝင်ကြေး ကောက်တဲ့လူတွေက မိုက်ကြေး ခွဲသလိုနဲ့ အတင်းတား ကောက်လို့ ကားသမားတွေနဲ့ စကားများတာတွေလည်း မကြာခဏ ဖြစ်တယ်။ အခုလို ဘီးခွန် ကောက်တဲ့ ဂိတ်တွေ ဖျက်သိမ်းလိုက်တာ အရမ်း ကောင်းတယ်” ဟု ပြောသည်။

ထိုသို့ မြို့ဝင်ဘီးခွန် ကောက်ခံသူ အချို့ စည်ပင် ဥပဒေ ချိုးဖောက် လုပ်ဆောင်နေမှုကြောင့် ပြည်သူများ ထိခိုက် နစ်နာနေ သည့် ကိစ္စကို ဓနုဖြူ မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက လက်ရှိ ကျင်းပ နေသည့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း အဖြစ် မေး မြန်းရာ စည်ပင်ဝန်ကြီးက မြို့ဝင်ဘီးခွန်ကောက်သည့် ဂိတ်များ အားလုံး ပိတ်သိမ်းသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် မြို့ပြင်သို့ ထွက်၍ ပုသိမ် – မုံရွာ အဝေးပြေး လမ်းမပေါ်တွင် မြို့ဝင်ဘီးခွန် ထွက်ကောက်နေ သည့် ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ ဂိတ်များကို ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြည်ထောင်စု အစိုးရ အဖွဲ့၏ ညွှန် ကြားချက်ဖြင့် တိုင်း အစိုးရက ပိတ်သိမ်းခဲ့ပြီး ရန်ကုန် – ပုသိမ် အဝေးပြေး လမ်းမပေါ်ရှိ လမ်းကြေး ကောက်ခံသည့် ဂိတ် အားလုံးကိုလည်း စက်တင်ဘာလ ၄ ရက်က စတင်၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံနှင့် လပွတ္တာမြို့များ အပါအဝင် မြို့နယ်ပေါင်း၂၆ မြို့နှင့် မြို့ပေါင်း ၁၄ မြို့ ရှိပြီး အဆိုပါ မြို့ပေါင်း ၄၀ ရှိ မြို့ဝင်ဘီးခွန် ကောက်ခံသည့် ဂိတ်များ အားလုံးကို ဖျက်သိမ်းမည်ဟု တိုင်းအစိုးရအဖွဲ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading