ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သား ၃ ဦးမှာ အချုပ်ခန်း သစ်သားတိုင်အား သံဖြတ်လွှဖြင့် ဖြတ်တောက်၍ အချုပ်ခန်းအားဖောက်ထွင်းကာ ယနေ့ နံနက် ၃ နာရီခွဲက ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးခဲ့သူများမှာ အာကာဂျူး၊ လှနိုင်ဦးနှင့် ပိုးဖြူ (ခ) နန္ဒအောင်တို့ ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား ဖျာပုံခရိုင် ရဲတပ်ဖွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့နှင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာအနီး လယ်ကွင်းထဲ၌ အာကာဂျူးနှင့် ပိုးဖြူ (ခ) နန္ဒာအောင်တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
သော်လည်း အချုပ်သား လှနိုင်ဦးမှာ လွှတ်မြောက်နေဆဲ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ဒုရဲမှူးကြီး ထွန်းရွှေ က “အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၃ ယောက်ကို ကျနော်တို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခဲ့ရာမှာ မနက် ၇ နာရီ ၄၀ မိနစ်မှာ မအူပင်၊ ရေလဲကျေးရွာအနီးက လယ်ကွင်းထဲမှာ အချုပ်သား ၂ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ လွတ်မြောက်နေဆဲ အချုပ်သား ၁ ယောက်ကိုလည်း သူထွက်ပြေးနိုင်တဲ့ နေရာတွေကို ပိတ်ဆို့ရှာဖွေပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အချုပ်သား ၃ ဦး ထွက်ပြေးမှုနှင့်ပတ်သတ်၍ ဘိုကလေးမြို့မစခန်းတွင် ယမန်နေ့ ညပိုင်းက တာဝန်ကျသည့် တာဝန်မှူး ဒုရဲအုပ် လှစိုးအပါအဝင် ကင်းအဖွဲ့တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးအား ဥပဒေအရ အရေးယူကာ ဘိုကလေးမြို့မစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ဘိုကလေးရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ အချုပ်သား ၃ ဦးမှာ ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ဘိုကလေး မြို့နယ်၊ မော်လမြိုင်ကျွန်း ကားလမ်းပေါ်ရှိ ကျွဲခြံတံတားအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူတဦးကို ရိုက်နှက်ကာ ဆိုင်ကယ်ကိုလုယူပြီး မော်လပြိုင်ကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ မအူပင် မြို့နယ် ရေလဲကျေးရွာတွင် ရဲတပ်ဖွဲ့က အချုပ်သား ၂ ဦးကို ပြန်လည် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးခဲ့သည့်အချုပ်သား အာကာဂျူး (၂၃) နှစ်မှာ ဘိုကလေးမြို့မရဲစခန်း ပြစ်မှုနံပါတ် ၃၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် ဖမ်းဆီးထားသည့် ရဲတပ်သားဟောင်း တဦးဖြစ်ပြီး ပိုးဖြူ (ခ) နန္ဒအောင် (၁၉) နှစ်မှာ ပြစ်မှုနံပါတ် ၂၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ (ခိုးမှု ကျူးလွန်ရန် နာကျင်စေမှု) ဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေသည့် အချုပ်သားများ ဖြစ်သည်။
ထွက်ပြေးလွှတ်မြောက်နေသည့် အချုပ်သား လှနိုင်ဦး (၃၃) နှစ်မှာ ဘိုကလေးမြို့မရဲစခန်းတွင် ပြစ်မှုနံပါတ် ၃၄၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (ဓမ္မတာ မဟုတ်သောနည်းဖြင့် လိင်ဆက်ဆံမှု) ဖြင့် အမှုဖွင့်အရေးယူခံထားရသူ ဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် အချုပ်သား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း ဘိုကလေးမြို့သို့ သွားရောက်၍ အနီးကပ် ကြီးကြပ်ကွပ်ကဲနေပြီး အချုပ်သား လှနိုင်ဦး ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တွင်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မော်လမြိုင်ကျွန်းမြို့မရဲစခန်း၏ ဆွေးမြေ့နေသည့် အချုပ်ခန်းကို ဖောက်ထွင်း၍ အချုပ်သား ၁၀ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့် အချုပ်သားများကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်ကိုယ်တိုင်ဦးစီး၍ ပြန်လည်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး အကျဉ်းထောင်တွင်လည်း စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်တွင်းမှ အမှိုက်များစွန့်ပစ်မည့် ကားသမားကို ထိုးကြိတ်ကာ ကားကိုလုယက်ပြီး ထောင်တံခါးများအား ကားဖြင့်တိုက်ဖွင့်၍ အကျဉ်းသား ၄၁ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်းများဖြင့် လိုက်လံ ဖမ်းဆီး ခဲ့သည့်အတွက် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၂၁ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းသား ၂၀ လွတ်မြောက် နေဆဲ ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ဘားအံထောင် ဖောက်ပြေးသည့် ခေါင်းဆောင်ကို ပစ်ခတ် ဖမ်းမိ၊ ဆေးရုံတွင် သေဆုံး