တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်ဖြစ် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး ရေတပ်(MSDF)မှ ရေငုပ်သင်္ဘောတစင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ ပါဝင်လာကြောင်း တနင်္လာနေ့က ထုတ်ပြန်သည်။
အဆိုပါရေငုပ်သင်္ဘောကို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်စေခြင်းသည် ဒေသတွင်း တရုတ်၏ အင်အား တောင့်တင်း လာမှုအပေါ်ထိန်းကျောင်းရန် သတိပေးလိုက်သည့် ဂျပန်၏ အချက်ပြမှု တခုလည်း ဖြစ်သည်။
ဂျပန်ရေတပ်က ကြေညာချက်တွင် ကူရိုရှီယို အမည်ရှိ အဆိုပါရေငုပ်သင်္ဘောသည် ရဟတ်ယာဉ်တင် သင်္ဘော ကာဂါ၊ ဖျက်သင်္ဘောများဖြစ်သည့် အင်နာဇူးမားနှင့် ဆူဇူတစုကီ တို့နှင့်အတူ ပင်လယ်ပြင် ရေငုပ်သင်္ဘောဖြိုခွင်းရေး စစ်ရေး လေ့ကျင့်မှုထဲသို့ ပြီးခဲ့သည့်ကြာသပတေးနေ့က ပါဝင်လေ့ကျင့် ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါစစ်ရေငုပ်သင်္ဘောသည် ဂျပန်နိုင်ငံအနောက်ပိုင်း ကူရီရှိ ဂျပန်ရေတပ်အခြေစိုက်စခန်းမှ သြဂုတ်လ ၂၇ ရက်က စစ်ရေးလေ့ကျင့်ရန် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ဂျပန်ရေတပ်သည် ဟာဝိုင်အီကျွန်းကဲ့သို့ ရက်ရှည်စစ်ရေးလေ့ကျင့်မှုမှအပ ဂျပန်ရေငုပ် သင်္ဘော လှုပ်ရှားမှုကို ထုံးစံအတိုင်း လျှို့ဝှက်ထားလေ့ရှိသည်။
အခြားစစ်သင်္ဘောသုံးစင်းမှာလည်း သြဂုတ်လ ၂၆ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ အမေရိကန်နှင့် အခြား အရှေ့တောင်အာရှနိုင်ငံမှ ရေတပ်များ ပူးတွဲလေ့ကျင့်မှုပြုလုပ်သည့် နေရာသို့ လာရောက်ပူးပေါင်းကြမည်ဖြစ်သည်။
ကူရိုရှီယိုစစ်သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင်သို့ မျက်နှာမူထားသော ဗီယက်နမ်၏ မဟာဗျူ မြောက် ရေပိုင် နက်ဖြစ်သည့် ကမ်ရန်းပင်လယ်အော်တွင် တနင်္လာနေ့က ရောက်ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် ကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပေါ်နေသော နိုင်ငံတနိုင်ငံဖြစ်သည်။
ဘေဂျင်းတွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျမ်ရှောင်က ယခုပူးတွဲစစ်ရေးလေ့ကျင့် မှုတွင် ဂျပန်ရေငုပ်သင်္ဘောပါဝင်လာခြင်းနှင့်ပတ်သက်၍ ဒေသတွင်း ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို ဒေသတွင်းပြင်ပမှ နိုင်ငံတနိုင်ငံက ဝင်ရောက်စွက်ဖက်လာခြင်းမရှိသင့်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ရေပိုင်နက်အငြင်းပွားမှုများ ရှောင်ရှားရန်နှင့် ဒေသတွင်းပြင်ပ နိုင်ငံများ လာရောက်စွက်ဖက်လာမှုကို လက်မခံရန် တရုတ်က ဆွေးနွေးညှိနှိုင်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။