ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် အုတ်ကျင်းလမ်းမပေါ်ရှိ တပ်မတော် ဒန်အိုးစက်ရုံ အနံ့ဆိုးထွက်ရှိနေမှုအား စစ်ဆေး ရေးအဖွဲ့နှင့် စစ်ဆေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်း အင် ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး၌ လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင် မာဌေးက ဒန်အိုး အဟောင်းများ ကျိုသည့်အခါ အနီးပတ်ဝန်းကျင် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ သက်ကြီး ရွယ်အိုများ မထိခိုက်အောင် အနံ့အသက်ကင်းစွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို ဖြေကြားခြင်း ဖြစ်သည်။
ဦးဟံထွန်း က “သဘာဝ ပတ်ဝန်းကျင် ဦးစီးဌာန အပါအဝင် သက်ဆိုင်တဲ့ ဌာနဆိုင်ရာ စစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေး ဆောင်ရွက်နေပြီး အနံ့အသက် ကင်းအောင် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဖြေကြားသည်။
အဆိုပါ ဒန်အိုးစက်ရုံမှ ဒန်သတ္တုများ အရည်ကျိုရာတွင် ထွက်ရှိနေသည့် အနံ့ဆိုးများကြောင့် စက်ရုံ ဘေးချင်းကပ် စာ သင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း လွှတ်တော် ကိုယ်စား လှယ်က ထပ်မံ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
တပ်မတော် ဒန်အိုးစက်ရုံသည် လှိုင်မြို့နယ် (၁၆) ရပ်ကွက် အုတ်ကျင်း လမ်းမပေါ်၌ ရှိပြီး ယင်းစက်ရုံ ခြံစည်းရိုး ကပ် လျက်တွင် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၃) ရှိနေခြင်း ဖြစ်သည်။
ဒေါ်ခိုင်မာဌေးက “ဒန်သတ္တုများ အရည်ကြိုရာမှ ထွက်ပေါ်လာသော အနံ့ဆိုးများသည် စာသင်ကြားနေသော ကျောင်းသူ ကျောင်းသားများ မူးဝေ၊ အော့အန်ခြင်းများ ဖြစ်ပေါ်စေလျက်ရှိသည်။ ရေရှည်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး ထိခိုက်စေနိုင်သည့် အပြင် နောက်ဆက်တွဲ ဖြစ်ပွားမည့် ကျန်းမာရေး ပြဿနာများကို ဖိတ်ခေါ်လျက် ရှိပါသည်” ဟု လွှတ်တော်၌ ဆွေးနွေး ပြောဆိုသွားသည်။
ဝန်ကြီး၏ ပြန်လည် ဖြေကြားမှုတွင် ပြုလုပ်မည့် ရက်အတိအကျ မပါရှိသေးသည့် အတွက် ကျောင်းသို့ ထပ်မံ သွားရောက် ကာ အနံ့အသက် အခြေအနေကို လေ့လာမည့် အပြင် စက်ရုံမှ တာဝန်ရှိသူနှင့်လည်း ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း ဒေါ်ခိုင်မာဌေးက ဧရာဝတီသို့ ပြောသည်။
“ဆက်ပြီးတော့ ကြည့်မယ်။ ထပ်ပြီးတော့ Remind လုပ်ရမှာပေါ့။ ကျမတို့ မေးခွန်းတွေ မေးတယ်။ တခါတလေ ဖြေတဲ့ အခါကျရင် အချိန် ကန့်သတ်ချက် မပါတာတွေ ရှိတယ်။ အဲဒီအခါမှာ ကျမတို့ ကိုယ်စားလှယ်တွေက ထပ်ပြီးတော့ စောင့်ကြည့်တယ်။ ပြီးရင် တွန်းအားပေးရတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခု ကိစ္စရပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၉ လ ခန့်ကတည်းက စက်ရုံ တာဝန်ရှိသူနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ယနေ့ အထိ ဆောင်ရွက်ပေးခြင်း မရှိသည့် အတွက် လွှတ်တော်၌ မေးခွန်း မေးမြန်းခြင်း ဖြစ်ကြောင်း ဒေါ်ခိုင်မာဌေးက ပြောဆိုသည်။
ထို့ပြင် တပ်မတော် ဒန်အိုးစက်ရုံ ဂတ်စ်ပိုက်လိုင်းများ အား ပြုပြင်ထိန်းသိမ်းပေးရန်နှင့် ချောင်းဖြတ်ပိုက်အား ထိန်းသိမ်း ပေးရန် အစီအစဉ် ရှိ မရှိ ဆက်လက်မေးမြန်းရာ၌ ဦးဟံထွန်းက ဒန်သတ္တုစက်ရုံသို့ ပေးပို့ထားသော ပိုက်လိုင်း(၂) လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ ပို့လွှတ်ခြင်းကို စက်တင်ဘာလ ၁၄ ရက်က ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်းနှင့် သမိုင်းချောင်းအား ဖြတ်သန်း ဆက်သွယ်ထားတဲ့ ယင်းပိုက်လိုင်းကို ကမ်းပါး တစ်ဖက် တချက်မှ ဖြုတ်၍ ပိတ်သိမ်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောဆိုသွားသည်။