သတင်း

ဗေဒင်ဆရာ အောင်ချစ်ပို အမှု ဆက်လက် စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးများ၏ ကာယိန္ဒြေ ပျက်စီးစေသည် အထိ လက်ရောက်မှု ကျူးလွန်သည်ဟု ဆိုကာ တရားစွဲဆိုထားသည့် ဗေဒင် ဆရာ အောင်ချစ်ပို အမှုအား ဆက်လက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ကိုးထပ်ကြီး ဘုရားတွင် ဟောခန်း ဖွင့်ခဲ့သည့် ဗေဒင်ဆရာ အောင်ချစ်ပိုသည် ဗေဒင် လာမေးသည့် အမျိုးသမီး တချို့အား ယတြာချေပေးမည် ဟုဆိုကာ အမျိုးသမီးများ၏ ကာယိန္ဒြေ ပျက်စီးစေသော ထိပါးမှုများ ပြုလုပ်မှုဖြင့် မြင့်မြတ်ကေခိုင် ဆိုသူ အမျိုးသမီးတဦးက တရားလို ပြုလုပ်၍ ကာယိန္ဒြေ ပျက်စီးစေရန် လက်ရောက်ကျုးလွန်မှု ပုဒ်မ ၃၅၄ ဖြင့် စမ်းချောင်း မြို့မ ရဲစခန်း၌ အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို စက်တင်ဘာ ၁၇ ရက်က စမ်းချောင်းမြို့နယ် တရားရုံးတွင် တရားလို မြင့်မြတ်ကေခိုင်၏ သက်သေများ ဖြစ်သော မိခင် ဖြစ်သူနှင့် ၎င်း၏ ချစ်သူရည်းစား ဖြစ်သော ရဲရင့် ဆိုသူတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရားလိုပြ သက်သေ ၂ ဦး ထွက်ဆိုချက်များနှင့် တရားလို ဖြစ်သူ မြင့်မြတ်ကေခိုင်၏ ထွက်ဆိုချက်များသည် ကွဲလွဲမှု အနည်းငယ် ရှိနေကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို၏ ရှေ့နေက ပြောဆိုသည်။

တရားရုံး၌ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များနှင့် မြင့်မြတ်ကေခိုင်၏ Facebook ပေါ်၌ တင်ထားသည့် စာသား များ ကွဲလွဲချက် တချို့ရှိနေကြောင်း အောင်ချစ်ပို၏ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က ဧရာဝတီ သို့ ပြောသည်။

တရားရုံးတွင် မြင့်မြတ်ကေခိုင်က အမှုတွဲ၌ ပါဝင်သည့် ဗေဒင်ဟော စာရွက်အား ၎င်း ဆုတ်ဖြဲလိုက်ခြင်း ဖြစ်သည်ဟု ထွက်ဆို ထားသည်။

မိခင်ဖြစ်သူကလည်း ယင်းစာရွက်အား ဒေါသဖြစ်သဖြင့် ၎င်းစွဲဆုတ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ဦးစိုးဝင်း အောင်က ပြန်လည် ပြောပြသည်။

မြင့်မြတ်ကေခိုင်၏ ချစ်သူရည်းစား ဖြစ်သူ ရဲရင့်က ၎င်းအနေဖြင့် ဟောခန်း အပြင်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ဖေ့စ်ဘွတ်၌မူ ရဲရင့်အား အအေးဆိုင်တွင် ထိုင်စောင့်ခိုင်းထားကြောင်း ရေးသားထားသည့် အတွက် ကွဲလွဲ မှု များ ရှိကြောင်း ရှေ့နေက ထောက်ပြ ပြောဆိုသည်။

ထို့ပြင် ယင်းအမှုသည် အခင်းဖြစ်ပြီး တလကျော်ကြာမှ အမှုဖွင့်ခြင်း ဖြစ်သောကြောင့် စဉ်းစားစရာ ဖြစ်နေကြောင်း၊ မိန်း ကလေး တဦး အနေဖြင့် အမှန်တကယ် ကာယိန္ဒြေ ဖျက်ဆီးခံရပါက ချက်ချင်း တိုင်ကြားရမည့် ကိစ္စဖြစ်ကြောင်း၊ သို့သော် ချက်ချင်း တိုင်တန်းမှု တစုံတရာ မလုပ်ခဲ့ဟု တရားရုံးတွင် ဝန်ခံ ထွက်ဆိုခြင်းကို တွေ့ရကြောင်း ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။
၎င်းက ဆက်လက်၍ “သူ့အမေက သုံး၊ လေးရက် နေပြီးမှ သူ့သမီးပြောမှ သိတယ်၊ ဒေါသ ဖြစ်တယ်လို့ ထွက်တယ်။ ဒီလောက် ဒေါသဖြစ်ရင် ချက်ချင်း သူတိုင်ရမှာ။ သူတို့ ဘာလို့ မတိုင်ခဲ့တာလဲ။ ဒါတွေက စဉ်းစားစရာလို့ မြင်တယ်”ဟု ဆို သည်။

တရားလို မြင့်မြတ်ကေခိုင်ကမူ“တရားသူကြီးကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ညီမဘက်ကတော့ အကောင်း ဆုံး ရင်ဆိုင်သွား မယ်။ ညီမတို့ဘက်ကလည်း တမင်လုပ်တာ မဟုတ်ဘူး။ ဒီအမှုကို ပြီးဆုံးတဲ့အထိ အမှန်အတိုင်း ဆက်လက် ရင်ဆိုင်သွား မယ်”ဟု ပြောဆိုသည်။

ယင်းသို့ ထွက်ဆိုချက် ကွဲလွဲရခြင်း အကြောင်းသည် ရဲစခန်း၌ အတိုချုံ့၍ ထွက်ဆိုခြင်းနှင့် တရားရုံး၌မူ အသေးစိတ် ထွက် ဆိုရခြင်း ဖြစ်သောကြောင့်ဟု မြင့်မြတ်ကေခိုင်က ဧရာဝတီကို ပြောသည်။

၎င်းက“ဖြစ်စဉ် အကုန်လုံးကြီး လွဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်မှာ Public မှာ တင်တာဆိုတော့ အသေးစိတ် ရေးလို့လည်း အဆင်မပြေဘူး။ ပို့စ်ကတော့ လူတိုင်းမြင်ရတာ ဖြစ်တော့ အတိုချုံ့ပြီး နည်းနည်းပါးပါးပဲ ရေးမှာပေါ့။ ဒီပို့စ်နဲ့ တော့ ယှဉ်ပြီး ပြောလို့ မရဘူး ထင်ပါတယ်”ဟုလည်း ဆိုသည်။

ထို့ပြင် ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကလည်း ကာယိန္ဒြေ ပျက်စီး စေ သည့် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း ဥပဒေ ပုဒ်မ ၃၅၄ နှင့် နှုတ်ဖြင့် ကျူးလွန်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၆ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်က အမှုဖွင့်ခဲ့သည်။

ဒိန်းပိုပိုဒေါင်ကို ယခင် ရုံးချိန်းများတွင် စစ်ပြီးဖြစ်သည့် အတွက် တရားလိုပြ သက်သေ မြင့်မြတ်ကေခိုင်ကို စက်တင်ဘာ ၁၇ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မြတ်ကေခိုင်နှင့် ဒိန်းပိုပိုဒေါင် တို့သည် ဗေဒင်ဆရာ အောင်ချစ်ပိုအား တရားစွဲဆိုမှု၌ တရားလိုပြ သက်သေအဖြစ် အပြန်အလှန် ပါဝင်ထားကြသည်။

ယင်းအမှုတွင် တရားလိုပြ သက်သေများ စစ်ဆေးရန် ရှိသဖြင့် အောက်တိုဘာ ၁ ရက်ကို ရုံးချိန်း ထပ်မံ ခေါ်ဆိုထားသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုက ၎င်း၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် စာသားများ ရေးသား ပြောဆိုသည်ဟူသော အချက်ဖြင့် မြင့်မြတ်ကေခိုင်နှင့် Facebook ပေါ်တွင် ရေးသားခဲ့သူ ကိုဖြိုးဝေဝင်း ဆိုသူတို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ထားပြီး ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှုဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်ဗေဒင်ဆရာ အောင်ချစ်ပို သာကေတမြို့နယ်တွင် ဟောခန်းထပ်ဖွင့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading