ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ ဆယ်တန်းကျောင်းသူ မအေပီလအား အဓမ္မကျင့်သတ်ဖြတ်ကာ မီးရှို့အလောင်ဖျောက်ရန် ကြိုးပမ်းခဲ့သည့် စိုးလွင်နှင့် အိုက်ပီး(ခ)စိုင်းရှဲန်တို့အား မသေမချင်းကြိုးပေးသတ်ရန် စက်တင်ဘာ ၁၇ ရက်နေ့က အမိန့်ချလိုက်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောသည်။
၎င်းတို့အနေဖြင့် အမှုနှင့်ပတ်သက်ပြီး ကျူးလွန်ကြောင်း တရားခွင်အတွင်း ဝန်ခံခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ကျိုင်းတုံခရိုင် ဒုတိယခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုရဲမှူး သန်းထွန်းအောင်က “ပြစ်မှုနဲ့ပြစ်ဒဏ် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုခံရတယ်လို့ပဲ သတ်မှတ်ပါတယ်၊ အခုကျိုင်းတုံ ထောင်မှာပါပဲ၊ အယူခံတက်မတက်ကတော့ ထောင်တာဝန်ခံတွေဘက် ဆက်လုပ်ပေးရမှာပါ” ဟုပြောသည်။
စိုးလွင်အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ၎င်း၏မိန်းမဖြစ်သူမှ ငါးကင်စားချင်သည်ဟုဆိုကာ မအေပီလ အား နေအိမ်သို့ ငါးကင်လာရောက်ပို့ဆောင်ခိုင်းပြီးနောက် စိုင်းရှဲန်ဆိုသူနှင့်အတူ အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ချက်များအရ သိရသည်။
အသတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျိုင်းတုံ- လွိုင်းမွေကာလမ်းဘေး ချောက်အတွင်း မီးရှို့ခံထားရသည့် လူသေအလောင်း တခုအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မီးရှို့ထားမှုကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲခဲ့သော်လည်း သေဆုံးသူဝတ်ဆင်ထားသည့် လက်စွပ်အား ရင်းနှီးသူတဦးက တွေ့မြင်ခဲ့ပြီးနောက် မအေပီလဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အမှုကွင်းဆက်မိပြီးနောက် တရားခံ စိုးလွင်အား ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျိုင်းတုံမြို့၌လည်းကောင်း၊ စိုင်းရှဲန်(ခ) အိုက်ပီးအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် သာစည်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – လားဟူအမျိုးသမီးငယ် သတ်ဖြတ်ခံရသည့် အကြောင်းအရင်း ယနေ့အထိ မသိရသေး
ကျိုင်းတုံက လားဟူ အမျိုးသမီးတဦးကို မီးရှို့သတ်ဖြတ်သူ ၂ ဦး မိပြီ