ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြေသားလမ်းများဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေး ပေးရန်အတွက် တိုင်းဘက်ဂျက်တွင် ထည့်သွင်းရေးဆွဲတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်က ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် မြေသားလမ်းများ ဖောက်လုပ်ရာတွင် သက်ဆိုင်ရာဒေသရှိ လယ်ယာမြေများအတွက် မြေယာလျော်ကြေးများ ထည့်သွင်း တွက်ချက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့ခြင်းအပေါ် ဒေါ်နီလာကျော်က ယင်းသို့ ဖြေကြားသွားခြင်းဖြစ်သည်။
ဒေါ်နီလာကျော် က “လမ်းတွေကို လျာထားပြီဆိုကတည်းက ဖြတ်သန်းသွားရမယ့် နေရာတလျှောက် မြေယာတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာမယ့် လျော်ကြေးပေးရမယ့် ကိစ္စတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များနဲ့ အတူ ဒေသခံများနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ လမ်းနယ်နိမိတ်တွေ သတ်မှတ်ဖို့ရယ် လမ်းတွေအတွက် လိုအပ်တဲ့ မြေအကျယ်အဝန်းတွေ ရရှိဖို့အတွက် ဒါတွေကို အစီအစဉ်ရေးဆွဲပြီးတော့ မြေလျော်ကြေးတွေ ပေးသွားဖို့အတွက်ကို ဘက်ဂျက်မှာ ထည့်သွင်းတွက်ချက် ဆောင်ရွက်ဖို့ကို စီစဉ်နေပြီဖြစ်ပါတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံအတွင်းရှိ ဒေသအများစုသည် စိုက်ပျိုးရေးကို အခြေခံသော ဒေသများဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက် လမ်းများ ဖောက်လုပ်ရာတွင် လယ်ယာမြေများကို ဖြတ်သန်းဖောက်လုပ်ခြင်းများရှိကြောင်း ယင်းသို့ လုပ်ဆောင်ရာတွင် လယ်ယာမြေများကို တောင်သူများနှင့် ညှိနှိုင်းပြီး အလှူခံရခြင်းမျိုးလည်း ရှိကြောင်း ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်က ပြောသည်။
ယခင်က ကျေးလက်လမ်းများအတွက် မြေယာလျော်ကြေးကို အစိုးရက မပေးသဖြင့် လျော်ကြေးရလိုသည့် တောင်သူလယ်သမားများ အတွက် ကျေးရွာက စုပေါင်းကောက်ခံ လျော်ကြေးပေးနေရခြင်း ဖြစ်သည်။
ဦးသိန်းဇော်လတ် က “တချို့လယ်သမားတွေက လှူဒါန်နိုင်ခြင်း မရှိပါဘူး။ အဲဒီအခါမှာ ကျေးရွာများက လမ်းအတွက် ပါရှိတဲ့ လယ်ယာမြေတန်ဖိုးကို စုပေါင်းကျခံပြီးတော့ လျော်ကြေးပေးရတဲ့အတွက်ကြောင့် ကျေးရွာများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရပါတယ်။ ကျေးရွာချင်းဆက် မြေသားလမ်းတွေကို ဖောက်လုပ်တဲ့အခါမှာ သင့်တော်တဲ့ လျော်ကြေးကို ဘက်ဂျက်မှာ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ပိုပြီး သင့်လျော်မယ်လို့ ထင်မိပါတယ်” ဟုဆိုသည်