ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များမှ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရေး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ IFFM ၏ အစီရင်ခံစာပါ အကြံပြုချက်များကို ထောက်ခံကြောင်း ကရင်အမျိုးသား အစည်းအရုံး – KNU ဒု ဥက္ကဌဟောင်း နော်စီပိုးရာစိန် ဦးဆောင်သည့်် KNU Concerned Group ပြောဆိုခဲ့သည်။
IFFM အစီရင်ခံစာ ထွက်လာပြီးနောက် ကချင်နှင့်ကရင် လူမှုအခြေပြုအဖွဲ့များနှင့် တအာင်းန် အမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA တို့အပါအဝင် လူနည်းစုတိုင်းရင်းသားအဖွဲ့များက မြန်မာနိုင်ငံကို ICC သို့လွှဲပြောင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကို ထောက်ခံကြသည်။ ထိုအစီရင်ခံစာသည် သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး ယခုလတွင်ကျင်းပသည့် ၃၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
“ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကြုံတွေ့ခဲ့ရသလိုမျိုး မြန်မာ့တပ်မတော်ရဲ့အကြမ်းဖက်မှု ခြေမှုန်းမှုနဲ့ လူမျိုးစုသုတ်သင်ခြင်းတို့ကို ကရင် နဲ့တခြားတိုင်းရင်းသားတွေ ကြုံတွေ့ခဲ့ရဖူးတယ်။ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေရဲ့ ပုံသဏ္ဍာန်က ပုံစံတူတယ်။ ဒါက မြန်မာ့တပ်မတော်ရဲ့ ဗျူဟာတစိတ်တပိုင်းဖြစ်တယ်” ဟု စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် KNU Concerned Group ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
“ကျမတို့ ကရင်တွေလည်း တပ်မတော်ရဲ့ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံမျိုးတွေကို အရင်က ခံခဲ့ရသလို အခုရော ခံနေရတာပဲ။ အရင်ကပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် ဘယ်နေရာကဖြစ်ဖြစ် ကျူးလွန်သူတွေက အဖွဲ့အစည်းတခုတည်းကပဲ”ဟု KNU Concerned Group ဦးဆောင်သူ နော်စီဖိုးရာစိန်က ဆိုသည်။
ယခင်က ကရင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သော်လည်း ထိုစဉ်က မြန်မာနိုင်ငံကို ICC သို့လွှဲပြောင်းပေးရေး အပါအဝင် အရေးယူပေးမှုများ တောင်းဆိုမှုက ယခုကဲ့သို့ နိုင်ငံတကာ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့ပေ။ “အရင်တုန်းက နိုင်ငံတကာမှာ ဖော်ပြတာ ICC တင်ဖို့ ပြောတာမျိုး (ထောက်ခံမှု) မရခဲ့ဘူး။ ဒါပေမယ့် ခု နိုင်ငံတကာရဲ့ ပြောဆိုမှုကို ကျမကတော့ ထောက်ခံတယ်။ ဖြစ်ပျက်ပုံက မှန်တယ်။ ဒီအစီရင်ခံစာမှာဖေါ်ပြထားတဲ့ဖြစ်ရပ်တွေက ကျမတို့ကြုံတွေ့ရတာနဲ့တူတယ်” ဟု ၎င်းကပြောသည်။
တပ်မတော်သည် ကရင်၊ ကချင်၊ ကရင်နီ နှင့် အခြားတိုင်းရင်းသားများ အပေါ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအပါအဝင် အစီစဉ်တကျ လူ့အခွင့်အရေးချိုးဖေါက်မှု အများအပြား ကျူးလွန်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ကြောင်း ထိုအဖွဲ့၏ကြေညာချက်တွင် ဖေါ်ပြထားသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများဖြစ်သော ကျေးရွာထောင်ပေါင်းများစွာ မီးရှို့ခံရခြင်း၊ ဧက သိန်းပေါင်းများစွာသော ခြံနှင့်လယ်မြေများစွာဖျက်ဆီးခံရခြင်း၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးရာပေါင်းများစွာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်း နှင့် လူသိန်းပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးရခြင်းများကိုလည်း ထိုကြေညာချက်တွင် ကိုးကားဖေါ်ပြထားသည်။
KNU Concerned Group သည် ၂၀၁၇ ခုနှစ်မှစတင်ပြီး လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ၎င်းတို့ သဘောထားအမြင်များကို မကြာခဏဆိုသလို ထုတ်ပြန်သည်။ ထိုအဖွဲ့တွင် KNU ဗဟိုကော်မတီဝင်ဟောင်းများ ပါဝင်သော်လည်း ထိုသူများသည် လက်ရှိ KNU တွင် မည်သည့်နိုင်ငံရေးအခန်းကဏ္ဍကမျှ ပါဝင်ခြင်းမရှိဟု နော်စီဖိုးရာစိန်က ပြောသည်။
“စစ်တပ်က အရာရာကို ထိန်းချုပ်ထားတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေးပွဲမှာလည်း သူတို့ပဲ ကိုင်တယ်။ တဖက်မှာလည်း ဒီပြစ်မှုတွေကို ကျူးလွန်တယ်။ ပြောင်းလဲဖို့ဆိုရင် စစ်တပ်က အရေးကြီးတယ်။ သူတို့ပြောင်းလဲချင်တယ်ဆိုရင် သက်သေပြဖို့လိုတယ်” ဟု နော်စီဖိုးရာစိန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
KNU ထိပ်တန်းခေါင်းဆောင်များသည် တပ်မတော်အကြီးအကဲနှင့် နီးကပ်သော ဆက်ဆံရေးရှိသော်လည်း ယခုနှစ်အတွင်း KNU နှင့် တပ်မတော်အကြားတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာသည်။ အထူးသဖြင့် KNU တပ်မဟာ ၅ ထိန်းချုပ်ထားသည့် ဖာပွန်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသည်။
KNU ဗဟိုကော်မတီက ၎င်းတို့သည် KNU Concerned Group နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟု ပြောသည်။
“ဒါကတော့ KNU အမည်ကို သုံးပြီး စိုးရိမ်မှုရှိတယ်ပြောတဲ့ လူတစုရဲ့ အမြင်သဘောထားပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ” ဟု KNU အတွင်းရေးမှူးတဦးဖြစ်သူ ဖဒို စောလှထွန်းက ပြောသည်။ KNU Concerned အဖွဲ့ဦးဆောင်သူများအနေဖြင့် လက်ရှိ KNU ဗဟိုတွင် ခေါင်းဆောင်မှု တာဝန်ယူထားသူများ မပါသည့်အတွက် ၎င်းတို့၏ သဘောထားအပေါ် မှတ်ချက်ပေးစရာ မရှိကြောင်းလည်း သူက ဆိုသည်။