ကရင်လွှတ်တော်ကိုယ်စားလှယ် တဦးက အစိုးရကျောင်းများရှိ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြု မပြု ပညာရေးဝန်ကြီးဌာနသို့ မေးမြန်းထားသည်။
လှိုင်းဘွဲ့မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နန့်မိုးမိုးထွေးက ၎င်းမဲဆန္ဒနယ်အတွင်းရှိ ကရင် တိုင်းရင်းသား ကျောင်းဆရာ၊ ဆရာမတချို့ကို ကိုယ်စားပြု၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးထံ ယခင်တပတ် အင်္ဂါနေ့က စာတစောင်ပို့ခဲ့သည်။
ယင်းသို့မေးမြန်းရခြင်း ရည်ရွယ်ချက်မှာ ကရင်လူငယ်များ ရိုးရာဝတ်စုံ မည်သို့ဝတ်ဆင်ရမည်ကို သိစေရန်နှင့် တန်ဖိုးထား တတ်စေရန်ဖြစ်ကြောင်း သူက ပြောသည်။
“တချို့တွေက ကျမတို့ ရိုးရာပွဲတော်မှာ ရိုးရာဝတ်စုံမဝတ်ကြဘူး။ ဒါပေမယ့် ဒီပြဿနာဟာ ကျမတို့ ကရင် အသိုင်းအဝိုင်းတင် မကဘဲ တခြားတိုင်းရင်းသားတွေမှာလည်း အလားတူပြဿနာ ရှိပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
နန့်မိုးမိုးထွေး ပေးပို့သော စာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကရင်ပြည်နယ်ရှိ ကရင် တိုင်းရင်းသားဆရာ၊ ဆရာမအားလုံးကို ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြုရေးအတွက် မေးမြန်းထားသည်။
“ကျမတို့မြို့နယ်က ကရင်တိုင်းရင်းသားဆရာ၊ ဆရာမတွေတင်မကဘဲ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင် နေတဲ့ တခြား ကရင်ဆရာ၊ ဆရာမတွေကလည်း သူတို့ရိုးရာဝတ်စုံ ဝတ်ချင်ကြတယ်ဆိုတာ သေချာပါတယ်” ဟု စာလွှာတွင် ဖော်ပြထားသည်။
ယခင် စစ်အစိုးရလက်ထက်က လူနည်းစု တိုင်းရင်းသားများကို ၎င်းတို့ကိုယ်ပိုင် ဘာသာစကား သင်ကြားခွင့် မပြုခဲ့ပေ။ ယခုဆယ်စုနှစ် အစောပိုင်းတွင် ဒီမိုကရေစီပြုပြင်ပြေင်းလဲရေး စတင်မှုနှင့်အတူ မည်သို့ပင်ဆိုစေ အစိုးရက ကျောင်းများတွင် လူနည်းစုတိုင်းရင်းသား ဆရာများကို ငှားရမ်းပြီး သက်ဆိုင်ရာ မိခင်ဘာသာစကား သင်ကြားရန် အစပျိုးခဲ့သည်။ သို့သော် အဆိုပါဆရာ၊ ဆရာမအနေဖြင့် အဖြူအစိမ်းတူညီဝတ်စုံသာ ဝတ်ဆင်ကြရသည်။
နန့်မိုးမိုးထွေး၏ စာသည် ဆရာ၊ ဆရာမများကို ၎င်းတို့ရိုးရာဝတ်စုံ ဝတ်ဆင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရသို့ ပထမဆုံး တောင်းဆိုမှုဖြစ်သည်။
ယင်းတောင်းဆိုချက်ကို ၎င်းလွှတ်တော်ကိုယ်စားလှယ်က Facebook လူမှုကွန်ရက်တွင် ရေးသား လွှင့်တင်လိုက် ပြီးနောက် တခြားတိုင်းရင်းသား လူနည်းစုများကလည်း ၎င်းတို့၏ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများကို တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခွင့်ပြုသင့်ကြောင်း ထောက်ခံ အကြံပြုချက်များ ပေးခဲ့ကြသည်။
မွန်အမျိုးသားပညာရေးဌာနမှ သုတေသနနှင့် စည်းရုံးရေးဆိုင်ရာ စီစဉ်ညှိနှိုင်းရေးမှူး နိုင်ရော့ဂတောင်က တိုင်းရင်းသား လူနည်းစုဆရာ၊ ဆရာမများကို အစိုးရအနေဖြင့် အသိအမှတ်ပြုရန် အရေးကြီးကြောင်း ပြောသည်။ အစိုးရက ၎င်းတို့ကို တိုင်းရင်းသားဝတ်စုံကို နေ့စဉ်မဟုတ်လျှင် တပတ်တကြိမ် အနည်းဆုံး ဝတ်ဆင်ခွင့်ပြုသင့်ကြောင်း သူက အကြံပြုသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချိန်တွင် မွန်ပြည်နယ်ရှိ မွန်ဘာသာစကားသင် ဆရာ၊ ဆရာမများကို မွန်တိုင်းရင်းသားဝတ်စုံ စတင်ဝတ်ဆင်ခဲ့သော်လည်း ယမန်နှစ်က ဆက်လက် မဝတ်ဆင် ကြတော့ကြောင်း၊ အစိုးရက သင်ရိုးညွှန်းတမ်းတွင် လူနည်းစု တိုင်းရင်းစားဘာသာစကား ပြဋ္ဌာန်းပြီးနောက် ဆရာ၊ ဆရာမများကို အစိုးရ ဝန်ထမ်းအဖြစ် သတ်မှတ်ထားသော တူညီဝတ်စုံသာ ဝတ်ဆင်စေခဲ့ကြောင်း နိုင်ရော့ဂတောင်က ပြောသည်။
“ထိုင်းနိုင်ငံမှာ လိုမျိုး တိုင်းရင်းသား လူနည်းစု ကျောင်းသားတွေကိုတောင်မှ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို အစိုးရက ခွင့်ပြုပေးသင့်ပါတယ်။ ကျောင်းသားတွေကို တပတ်မှာတရက် သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်တာ ခွင့်ပြုတာမျိုးပါ” ဟု သူက ပြောသည်။