ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပေါ်တွင် ချိုင့်ခွက်များနှင့် လှိုင်းများ ဖြစ်ပေါ်နေမှုမှာ ထပ်ပိုးလွှာတင်သည့် Asphalt Concrete (AC) နိုင်လွန်ကတ္တရာ အရည်အသွေးနှင့် နည်းပညာများကြောင့် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က စက်တင်ဘာလ ၁၈ ရက်က ပြည်သူ့လွှတ်တော်တွင် ပြောဆိုသွားသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းအမတ် ဒေါက်တာ ဦးခင်မောင်မောင် မေးမြန်းသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်အပေါ် ကတ္တရာထပ်ပိုးလွှာတင်ရာတွင် တာရှည်မခံဘဲ မိုးဦးကာလ၌ ချိုင့်ကျင်း အမြောက်အများ ပေါ်ပေါက် လာရခြင်းမှာ ကတ္တရာအရည်အသွေးညံ့ဖျင်းခြင်း သို့မဟုတ် နည်းပညာနိမ့်ပါးခြင်း တို့ကြောင့် ဟုတ်၊ မဟုတ်နှင့် ကာလတို အတွင်း ပျက်စီးမှုမရှိစေရန် မည်သို့ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းအပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးကျော်လင်း က “နုံပါတ် ၁ အချက်အနေနဲ့ ကတ္တရာအရည်အသွေးကြောင့် လှိုင်းနှင့် အပေါက်များ ဖြစ်တယ်ဆိုတာကို ဝန်ခံ တင်ပြပါတယ်” ဟု ပြောသည်။
ကတ္တရာခင်းရာတွင် အထူအပါးမညီခြင်း အပြင် မူလ ကွန်ကရစ်လှိုင်း ဖြစ်နေသောမျက်နှာပြင်ကို ညီညာအောင် မပြင်ဘဲ ထပ်ခင်းခြင်း၊ စက်ယန္တရားအားနည်းချက်များကြောင့် လှိုင်းများဖြစ်ပေါ်နိုင်ခြင်း စသည့် အားနည်းချက် များကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယဝန်ကြီး ဦးကျော်လင်း က “အချို့ကတ္တရာကွန်ကရစ်ခင်းပြီးသည့် လမ်းပိုင်းများမှာ ၆ နှစ်ခန့် ကြာပြီ ဖြစ်သော်လည်း အချို့လမ်းပိုင်းများမှာ ၁ နှစ်၊ ၂ နှစ်ခန့်သာ ရှိပါသေးတယ်။ ကတ္တရာ ကွန်ကရစ်ခင်းခြင်းနှင့် ပတ်သက်၍ တချို့နေရာများတွင် လှိုင်းများဖြစ်ခြင်း၊ တချို့နေရာများတွင် အပေါက်များဖြစ်ခြင်းတို့သည် ကတ္တရာ အရည်အသွေးကြောင့် ဖြစ်နိုင်သလို နည်းပညာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ဒေါက်တာ ဦးခင်မောင်မောင်က အရေးကြီး လမ်းမတခုဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို တနှစ်လျှင် မိုင် ၂၀ နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာတင်မည်ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ တင်ပြီး ကာစတွင် လမ်းမှာ အလွှန်ကောင်းသော်လည်း မိုးတွင်းကာလတွင် အပေါက်များ အမြောက် အများဖြစ်ပြီး ဖာထေးနေရသည်ကို တွေ့ရသည့်အတွက် အကြောင်းရှာ ပြုပြင်နိုင်ရန် မေးမြန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဒေါက်တာ မောင်မောင်က “မိုးလည်း ရွာလိုက်ရော အပေါက်တွေ အမြောက်အများဖြစ်ပြီး လိုက်ဖာထေးနေရတာကို တွေ့ရပါတယ်။ အဲဒီတော့ မိုးများလေ၊ အပေါက်တွေ များလာလေ။ ကားတွေ အတွက်လည်း အန္တရာယ် ကျရောက် လာပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်ရခြင်းဟာ အကြောင်းရှိရမယ်။ အဲဒါကို ဘယ်လိုပြုပြင်မလဲဆိုတာ သိလိုတဲ့အတွက် မေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ကတ္တရာအမျိုးအစား ၅ မျိုးရှိသည့်အနက် အပျော့ဆုံးဖြစ်သော ၈၀/၁၀၀ ကတ္တရာကို မြန်မာနိုင်ငံ လက်ရှိစနစ်များနှင့် ကိုက်ညီသည့်အတွက် တင်သွင်းအသုံးပြုခဲ့ကြောင်း၊ ယင်းအမျိုးအစားမှာ အခြားလမ်းများတွင် အဆင်ပြေသော်လည်း ကွန်ကရစ်အပေါ် ထပ်ခင်းရာ၌ လမ်းတွန့်ခြင်းဖြစ်စေသည်ကို သုတေသနပြုလုပ်တွေ့ရှိခဲ့သည့်အတွက် ၆၀/၇၀ အမျိုးအစား ကတ္တရာကို ပြောင်းလဲအသုံးပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် လမ်းခင်းရာ၌ လွန်ခဲ့သော နှစ် ၂၀ ခန့်က စက်ယန္တရားများကို အသုံးပြုနေရကြောင်း၊ ယင်းစက်များ၏ ချိန်တွယ်စက် စံနှုန်းမကိုက်ညီမှုကြောင့် AC Mixed Design ပြောင်းလဲခြင်း၊ သယ်ယူပို့ဆောင်ရာတွင် အရည်ကျို ထားသည့် ကတ္တရာအပူချိန်လျော့ကျပြီး အရည်အသွေးမမီခြင်းများဖြစ်ပေါ်ရကြောင်း၊ ယင်းအတွက် သတ်မှတ် အပူချိန်ထက် ၂၀ ရာနှုန်းလျော့ကျသော ကတ္တရာများကို အသုံးမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးကျော်လင်း က “ကျနော်တို့အနေနဲ့ Computerized စနစ်ကို မသုံးနိုင်သေးဘဲ Manual စနစ်နဲ့ပဲ Pavement ကို လူဖြင့်သာ တိုင်းတာပြီးတော့ အထူအပါးကို ညှိပြီး ခင်းနေတဲ့ စက်ယန္တရားတွေကို အခုအချိန်အထိ အသုံးပြုနေရဆဲ ဖြစ်ပါတယ် တဖြည်းဖြည်း ခေတ်မီ စက်ယန္တရားတွေနဲ့ လဲလှယ်အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်” ဟုလည်း ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် လမ်းမိုင်အရှည် ၃၆၆ မိုင် ၃ ဖာလုံရှိပြီး အသွားအပြန် ဆိုပါက ၇၃၂ မိုင် ၆ ဖာလုံ ရှိကြောင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ၂၅ ပေအကျယ် ထပ်ပိုးလွှာခင်းခြင်းကို ၁၄၉ မိုင် ၅ ဖာလုံ ပြီးစီးခဲ့ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၁၃ မိုင် ၇ဖာလုံဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အကုန်တွင် ၅၆၉ မိုင် ကျန်ရှိမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ၂၀၁၈ ခုနှစ် ဇန်နဝါရီက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နိုင်ငံတကာ အဆင့်မမီဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ခံ