စစ်တွေမြို့ဖိမြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် စစ်တွေမြို့နယ် တရားရုံးမှ စွဲချင် တင်လိုက်ကြောင်း သိရသည်။
ဦးအောင်သန်းဝေသည် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ အား ဝေဖန်ပြောဆိုခဲ့သည်ဟု ဆိုကာ ဖမ်းဆီး တရားစွဲဆိုခံနေရခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းက စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်တွင် စွဲချက်တင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်သန်းဝေကို ပထမ ဖမ်းဆီးခဲ့စဉ်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ ) နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အာဏာပိုင်များက အမှုဖွင့် ဖမ်းဆီးခဲ့သည်။
သို့သော်လည်း အာဏာပိုင်များက ၎င်းအား တရားရုံး၌ တရားစွဲတင်သည့် အခါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နှင့် ရာဇဝတ်မ ကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ စသည့် ပုဒ်မ တခုထပ်တိုးကာ ပုဒ်မ ၂ ခုဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်ကြောင်း ဦးအောင်သန်းဝေ က ပြောသည်။
ဦးအောင်သန်းဝေက “ကျနော့်ကို စွပ်စွဲထားတဲ့ နိုင်၊ လွတ်၊ လုံ ပုဒ်မ ၁၀ နဲ့ ဒီနေ့စွဲချက် တင်လိုက်ပါတယ်။ ပုဒ်မ ၁၀ အရ ဆွဲချက်တင်တဲ့အပေါ် သက်သေပြဖို့ လိုတယ်ပေါ့။ အပြစ်မရှိရင်၊ အပြစ် မရှိကြောင်းကို သက်သေ ပြဖို့ လိုတယ်။ အဲဒါကြောင့်မို့ စွဲချက် တင်လိုက်တယ်လို့ တရားသူကြီးက ပြောတယ်” ဟု တရားရုံးထုတ် အပြန်တွင် သတင်းမီဒီယာများသို့ ပြောသည်။
ဦးအောင်သန်းဝေအား ထပ်မံတရားစွဲဆိုထားသည့် ရာဇဝတ်မကင်းသည့် ခြောက်လှန့်မှု ပုဒ်မ ၅၀၆ နှင့် စွဲဆို ထားသည့် အမှုတွင် ယမန်နေ့ ရုံးချိန်းက တရားလို ပြသက်သေများအား တရားခွင် စစ်ဆေးမှု အားလုံးပြီး သွားပြီ ဖြစ်သည့်အတွက် လာမည့် ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်ကိုလည်း နှစ်ဘက် လျှောက်လဲချက် ပေးသွားမည် ဖြစ်ကြောင်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က ပြောသည်။
ဦးကျော်ညွန့်မောင် က “ဒီကနေ့ ပထမ စွဲထားသည့် နိုင်၊ လွတ်၊ လုံ နဲ့စွဲချက်တင်တယ်။ အဲဒါကို အပြစ်မရှိကြောင်းပြဖို့ ဦးအောင်သန်းဝေ ဘက်က သက်သေ ၄ ဦးပြထားတယ်။ ၅၀၆ အမှု မှာတော့ ဒုရဲမှူး လှဌေးကို စစ်တယ်။ ဘောလုံးကွင်း ရပ်ကွက်စာရေးကို စစ်တယ်။ တရားလိုပြ သက်သေ စစ်ဆေးလို့ အကုန်ပြီးပြီ။ လာမယ့် ရုံးချိန်းမှာ ကျနော်တို့ စွဲချက်တင်သင့်၊ မတင်သင့်ဆိုတာတွေကို လျှောက်လဲချက်ပေးသွားမယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
ထိုသို့ တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲခံ ဦးအောင်သန်းဝေကလည်း ၎င်းအား တရားလို လုပ် တရားစွဲဆိုထားသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးစောမင်းသူ၊ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်၊ ရပ်ကွက် စာရေး အပါအဝင် ၃ တို့ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် နေ့ ရုံးချိန်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ တို့ဖြင့်ပင် တရားရုံးသို့ ဦးတိုက်လျှောက်ကာ ပြန်လည် တရားစွဲဆိုထားကြောင်းလည်း ဦးအောင်သန်းဝေ က သတင်းမီဒီယာများသို့ ပြောခဲ့သည်။
ယင်းသို့ ဦးအောင်သန်းဝေ အား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုထားခြင်းမှာ မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က ဝေဖန်ထောက်ပြသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က “ပြည်ထဲရေးလက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကို နိုင်ငံသား တဦးကို လက်လွတ်စပယ် မလုပ်ရအောင်တားမြစ်ထားတဲ့ ထိန်းချုပ်ထားတဲ့ ဥပဒေ ၊ ရှင်းရှင်းပြောရရင် ဒီဥပဒေဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကို တားမြစ်ထားတဲ့ ဥပဒေလို့မြင်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က ဦးအောင်သန်းဝေကို အဲဒီဥပဒေနဲ့ အရေးယူထားတာဟာ မှားယွင်းတယ်လို့ ပြောရပါမယ်” ဟု သတင်းမီဒီယာများသို့ ပြောကြားသည်။
ဦးအောင်းသန်းဝေအား စစ်တွေအမှတ် ( ၁ ) စခန်းတွင် ဖမ်းဆီးအမှုဖွင့်ခဲ့စဉ်က ရခိုင်ပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီးတို့ ပြောင်း ရွေ့တာဝန် ထမ်းဆောင် ခွင့်ကျထားသူ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်ဆွေအား မပြောင်းရွေ့ရသေးမီ ရက်ပိုင်းအလို က “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး ( ဟောင်း) ဦးတင် မောင်ဆွေ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ် သူလဲ ” ဆိုသည့် စာသားကို ဦးတင်မောင်ဆွေ၏ ခါးကြား တွင် သေနတ်ထိုးထားသည့် ဓာတ်ပုံနှင့် တွဲကာ ဖေ့စ်ဘုတ်တွင် တင်ခဲ့သည် ဟုဆိုကာ ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး တဦးက တရားလိုလုပ်ကာ အမှုဖွင့်ခဲ့တိုင်ကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအပြင် ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်၏ ရုံးချိန်းတချိန်း၌လည်း တရားရုံးရှေ့တွင် ဦးတင်မောင်ဆွေအား ပုဂ္ဂိုလ်ရေး ထိခိုက်သည့် စကားများကို ပြောဆိုသည် ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ စသည့် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်အရေး တိုင်ကြားခံရသည့်အတွက် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံ လိုက်ရခြင်းလည်း ဖြစ်သည် ။
ဖမ်းဆီးတရားစွဲခံ စစ်တွေမြို့ဖိ မြိုဖ အဖွဲ့ဝင် ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်အမှုအား လိုက်ပါကူ ညီဆောင်ရွက်ပေးနေသူ တဦးဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် ပြည်နယ် အစိုး ရအဖွဲ့တို့ တွေ့ဆုံသည့် ပွဲများတွင် အစိုးရအဖွဲ့၏ အားနည်းချက်များကို ဝေဖန် ထောက်ပြတတ်သူ တဦးလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – Facebook ၌ ဝေဖန်ရေးသားမှုကြောင့် စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ဖမ်းခံရ
စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ကို ပထမအကြိမ် ရုံးထုတ်
စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ၏ အာမခံ လျှောက်ထားမှု ပယ်ချခံရ