ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မရဲစခန်းမှ အချုပ်သား ၃ ဦး အချုပ်ခန်းသစ်သားတိုင်များကို သံဖြတ်လွှဖြင့် ဖြတ်၍ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး ဒုရဲအုပ် တဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး၍ ခုံရုံးဖွဲ့စစ်ဆေးမှုများ ပြုလုပ်နေလျှက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အတည်ပြုချက်ပေးသည်။
ဘိုကလေးမြို့မ ရဲစခန်း အချုပ်ခန်းမှ အချုပ်သား ၃ ဦးသည် စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၃ နာရီခွဲခန့်က အချုပ်ခန်း ဖောက်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၇ ရက်နေ့ ညပိုင်းက တာဝန်ကျ ရဲများကို ရဲစည်းကမ်း ဥပဒေအရ အရေးယူကာ ဘိုကလေးမြို့မရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေ က “အချုပ်သား ထွက်ပြေးမှုနဲ့ ပတ်သတ်ပြီး တာဝန်ကျ ကင်းအဖွဲ့ဖြစ်တဲ့ ဒုရဲအုပ် လှစိုးအပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို လုပ်ငန်းတာဝန် ဆောင်ရွက်တဲ့နေရာမှာ ပေါ့ပေါ့ လျော့လျော့ လုပ်ဆောင်တဲ့အတွက် ရဲစည်းကမ်းထိမ်းသိမ်းရေး ဥပဒေနဲ့ အရေးယူထိမ်းသိမ်းထားပါတယ်။ ပြီးတော့ ခုံရုံးအဖွဲ့နဲ့ စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။
အချုပ်ခန်းဖောက်ရာတွင် အသုံးပြုသည့် သံဖြတ်လွှ အချုပ်သားများလက်ထဲ မည်ကဲ့သို့ ရောက်ရှိနေခြင်းနှင့် ပတ်သက်၍လည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးသည့် အချုပ်သားများမှာ အာကာဂျူး၊ လှနိုင်ဦးနှင့် ပိုးဖြူ (ခ) နန္ဒအောင်တို့ ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးလုံးကို ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။
ဒုရဲမှူးကြီး ထွန်းရွှေက “အချုပ်ခန်းဖောက်ထွက်ပြေးတဲ့ အချုပ်သား ၃ ဦးစလုံး ပြန်လည်ဖမ်းဆီးရမိပါပြီ။ အချုပ်သား အာကာဂျူးနဲ့ ပိုးဖြူ (ခ) နန္ဒအောင်တို့ကို မအူပင်မြို့နယ်၊ ရေလဲကျေးရွာအနီးမှာ ပြန်လည်ဖမ်းမိခဲ့တယ်။ အချုပ်သား လှနိုင်ဦးကိုလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းက မနေ့က ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ပြောသည်။
ဖျာပုံခရိုင်နှင့် မအူပင်ခရိုင် ပူးပေါင်း ရဲတပ်ဖွဲ့က အာကာဂျူး၊ လှနိုင်ဦးနှင့် ပိုးဖြူ (ခ) နန္ဒအောင်တို့ကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်က မအူပင်မြို့နယ်၊ ရေလဲကျေးရွာအနီး လယ်ကွင်းထဲ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
လွတ်မြောက်နေသည့် အချုပ်သား လှနိုင်ဦး ကိုတော့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ပူးပေါင်း ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းအပိုင် နယ်မြေအတွင်း ပြန်လည်ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်ဖမ်းဆီးရမိခဲ့သည့် အချုပ်သား အာကာဂျူး၊ လှနိုင်ဦးနှင့် ပိုးဖြူ (ခ) နန္ဒအောင်တို့အား ရာဇသတ်ကြီး ပုဒ်မ ၂၂၄ (အချုပ်မှ ထွက်ပြေးမှု) နှင့် အချုပ်ခန်းအား သံဖြတ်လွှနှင့်တိုက်ကာ ဖျက်ဆီးသည့်အတွက် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ တို့ဖြင့် ထပ်တိုးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးခဲ့သည့်အချုပ်သား အာကာဂျူး (၂၃) နှစ်မှာ ဘိုကလေးမြို့မရဲစခန်း ပြစ်မှုနံပါတ် ၃၆၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် ဖမ်းဆီးထားသည့် ရဲတပ်သားဟောင်း တဦးဖြစ်ပြီး ပိုးဖြူ (ခ)နန္ဒအောင် (၁၉) နှစ်မှာ ပြစ်မှုနံပါတ် ၂၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ (ခိုးမှု ကျူးလွန်ရန် နာကျင်စေမှု) ဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေသည့် အချုပ်သားများ ဖြစ်သည်။
အချုပ်သား လှနိုင်ဦး (၃၃) နှစ်မှာ ဘိုကလေးမြို့မ ရဲစခန်းတွင် ပြစ်မှုနံပါတ် ၃၄၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (ဓမ္မတာ မဟုတ်သောနည်းဖြင့် လိင်ဆက်ဆံမှု) ဖြင့် အမှုဖွင့်အရေးယူခံထားရသူ ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တွင်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မော်လမြိုင်ကျွန်းမြို့မရဲစခန်း၏ အချုပ်ခန်းကို ဖောက်ထွင်း၍ အချုပ်သား ၁၀ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးသည့် အချုပ်သားများကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်ကိုယ်တိုင် ဦးစီး၍ ပြန်လည်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး အကျဉ်းထောင်တွင်လည်း စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်တွင်းမှ အမှိုက်များစွန့်ပစ်မည့် ကားသမားကို ထိုးကြိတ်ကာ ကားကိုလုယက်ပြီး ထောင်တံခါး များအား ကားဖြင့်တိုက်ဖွင့်၍ အကျဉ်းသား ၄၁ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်းများဖြင့် လိုက်လံ ဖမ်းဆီးခဲ့သည့် အတွက် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၂၁ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းသား ၂၀ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ဘိုကလေးမှာလည်း အချုပ်သားတွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေး