ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးအား ခြိမ်းခြောက်ငွေတောင်းယူမှုဖြင့် တရားစွဲဆို ခံထားရသော အိမ်အကူပွဲစား ဒေါ်ညိုက အာမခံလျှောက်ထားမှု ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ အမြန်ဆောင်ရွက်ပေးရန် ယနေ့ ၆ ကြိမ်မြောက် ရုံးချိန်း တရားခွင်၌ ပြောဆိုသည်။
လက်ရှိတွင် နေမကောင်းဖြစ်နေပြီး အချုပ်ထဲတွင်လည်း အချိန်အကြာကြီး မနေချင်တော့ကြောင်း ၎င်းက ပြောသည်။
ဒေါ်ညို၏ အာမခံလျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက သြဂုတ် ၁၅ ရက်နေ့ ရုံးချိန်းတွင် ပယ်ချခဲ့မှုကြောင့် ခရိုင်တရားရုံးသို့ အယူခံတက်ထားရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က ကြားနာမှုပြုလုပ်ခဲ့ပြီး အမိန့်ချမည့်ရက်ကို စောင့်နေကြောင်း ဒေါ်ညို၏ ရှေ့နေထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ဒေါ်ညို၏ အမှုတွဲသည် ခရိုင်တရားရုံးတွင် တင်ထားသည့်အတွက် အမှုကို ဆက်လက်စစ်ဆေးခြင်း မပြုနိုင်သေးကြောင်း၊ လာမည့် ၇ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ ၃ ရက်နေ့သို့ ပြန်လည် ချိန်းဆိုကြောင်း တရားသူကြီးက ကြေညာချိန်တွင် ဒေါ်ညိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တရားသူကြီးက ဒေါ်ညိုပြောဆိုမှုနှင့် ပတ်သက်၍ အမှုတွဲ အပေါ်ရုံးသို့ ပို့ထားသည့်အတွက် အပေါ်ရုံး၏ အမိန့်ချမှတ်မှုကို စောင့်ဆိုင်း ရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ဒေါ်ညိုအား ရှေ့နေဖြစ်သူမှ ရှင်းပြရန် ပြန်လည် ပြောဆိုခဲ့သည်။
သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦး၊ သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်တို့က တရားလိုပြု တရားစွဲ ဆိုထားသည့် အမှုများကိုမူ အမှုစစ်တရားသူကြီး သင်တန်းသွား တက်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယနေ့ စစ်ဆေးနိုင်ခြင်း မရှိခဲ့ပါ။
သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်က ဒေါ်ခင်မာမြင့်အား သူတပါး ဂုဏ်သိက္ခာ ကျဆင်းစေရန် မမှန်မကန် လိမ်ညာ တိုင်တန်းသည့်အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် တိုင်တန်းထားခြင်း ဖြစ်သည်။
သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးက အိမ်အကူ ဒေါ်ခင်မာမြင့်ပါ ၂ ဦး (ပွဲစားဒေါ်ညို၊ ထွန်းတောက်အ ကျိုးဆောင်လုပ်ငန်းမှ ဒေါ်မြင့်(ခ)စိုးမြင့်ကြည်)တို့အား သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဆိုကာ ခြိမ်းခြောက်ငွေတောင်း ယူခဲ့မှုဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၉ ဖြင့် ပြန်လည် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အချုပ်ခန်းတွင် ဒေါ်ညိုကို လာရောက်တွေ့ဆုံသည့် ၎င်း၏ တူမတော်စပ်သူက မည်သူ့ကိုမှ မနစ်နာစေလိုဘဲ အမှန်အတိုင်း ဖြစ်စေလိုကြောင်း၊ အမှုစဖြစ်စဉ်က ဒေါ်ခင်မာမြင့် ပြောခဲ့သည်များကို ပြန်လည်ပြောပြပြီး ဒေါ်ခင်မာမြင့်ကို သရုပ်ဆောင် သီဟတင်စိုးက စော်ကားခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။
ဒေါ်ခင်မာမြင့်ကိုယ်တိုင်ကလည်း ၎င်းအား သီဟတင်စိုးက အမှန်တကယ် အဓမ္မပြုကျင့်ခဲ့သည်ဟု ပြီးခဲ့သည့်ရုံးချိန်း တရား ခွင်တွင် ထွက်ဆိုခဲ့သည်။
ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ ဒေါ်ဇင်မာဦး မလာရောက်သော်လည်း ပြီးခဲ့သည့် ရုံးချိန်း လာရောက်စဉ်က “ဘာမှတော့ အထွေအထူး မရှိပါဘူး။ ထိုက်သင့်တဲ့ အပြစ်ဒဏ်တော့ ခံရမှာပေါ့။ လီဆယ်ပြီး လုပ်ထားတယ်ဆိုတော့ အမှန်အတိုင်းပဲဖြစ် စေချင်တယ်” ဟု မီဒီယာများကို ပြောထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ညပိုင်းတွင် အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့် (၄၀ နှစ်)က သရုပ်ဆောင် သီဟတင် စိုးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဟုဆိုကာ သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲစခန်း က (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့သည်။
ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များ စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်သည် လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရန် အိမ်အကူပွဲစား ဒေါ်ညိုက သင်ကြားပေးသဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် – သီဟတင်စိုး အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်ခင်မာမြင့် ထွက်ဆို