လူနေရပ်ကွက်များတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အသံ နှင့် အနံ့ထွက်သော လုပ်ငန်းများ လူမှု ပတ်ဝန်းကျင်ကို အမှန် တကယ် အနှောင့်အယှက်ဖြစ်ပါက အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်က လူနေ ရပ်ကွက် အတွင်း တရားမဝင်ပြုလုပ်နေသည့် လုပ်ငန်းများကို စနစ်တကျ စာရင်းကောက်ယူပြီး တည်ဆဲဥပဒေ အရ ပတ်ဝန်းကျင်က တိုင်ကြားလာလျှင် သက်ဆိုင်ရာမြို့နယ် စည်ပင်များက ထိရောက်သည့် ဖြေရှင်းမှုများ နှင့် ပြည်သူ များ ကျေနပ်မှုရစေရန် ဖြေရှင်းမှု မရှိသည့်အတွက် ၂၀၁၈ ခုနှစ် စည်ပင်သာယာ ဥပဒေ အရ အရေးယူ ဆောင် ရွက် နိုင်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုကို မြို့တော်ဝန်က ဖြေကြားခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမောင်က “လူနေရပ်ကွက်များ အတွင်း အိမ်များကြား ဘုရားကျောင်းကန် ပရဝုဏ် များပါမကျန် ကားဝပ်ရှော့များ သံဗန်း၊ သံတံခါး၊ စတီးလုပ်ငန်းများ ပြုလုပ်နေတဲ့ အတွက်ကြောင့် ကားဝပ်ရှော့ ရဲ့ ထုနှက်သံတွေ၊ သံဖြတ်တဲ့ အသံတွေ၊ ဝရိမ်စက်အသံတွေ က ပတ်ဝန်းကျင် ပြည်သူများကို အနှောင့်အယှက် ဖြစ်စေ ပါတယ်”ဟုလည်း ပြောသည်။
မြို့တော်ဝန် ဦးမောင်မောင်စိုးက“လူမှုရေးအရ အနှောင့်အယှက် ဖြစ်စေတဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိပါတယ်”ဟု ပြန်လည် ဖြေကြားသည်။
၂၀၁၈ ခုနှစ်အတွင်း အသံအားဖြင့်ဖြစ်စေ၊ အနံ့အားဖြင့်ဖြစ်စေ လူမှုပတ်ဝန်းကျင် ထိခိုက် အနှောင့်အယှက် ဖြစ်စေမည့် လုပ်ငန်းများ စစ်ဆေးရာတွင် လုပ်ငန်းပေါင်း ၅၉ ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး လုပ်ငန်း ၂၂ ခုကို လိုင်စင်စည်းကမ်း သတ် မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့် အတွက် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ကာ ကျန် ၃၇ ခုကို ပတ်ဝန်းကျင် အနှောင့် အယှက် မဖြစ်စေရေး အတွက် ပြုပြင်ဆောင်ရွက်ခိုင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရ သည်။
“နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရာဇဝင်ကိုကြည့်ရင် SME (အသေးစားနဲ့ အလတ်စား လုပ်ငန်း) ကို အခြေခံပြီးတော့ တိုးတက် လာတာတွေကို တွေ့ရတယ်။ အရမ်း ခွင့်ပြုလိုက်မယ် ဆိုရင် လူမှု ပတ်ဝန်းကျင် နေထိုင်မှုကိုလည်း ထိခိုက် နိုင်တယ်။ ပိတ်လိုက်မယ် ဆိုရင်လည်း သူတို့အတွက် စားဝတ်နေရေး အလုပ်သမားပြဿနာရော တောက်လျှောက် ပြဿနာ ဖြစ်နိုင်တယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။
ဆက်လက်ပြီး ဦးမောင်မောင်စိုးက “တခါတလေကျတော့လည်း နေရင်းထိုင်ရင်းနဲ့ မနာလိုခြင်း တရားအရ တိုင်တာ တွေလည်း ရှိပါတယ်။ အဲဒါကိုလည်း ပြန်ဆန်းစစ်ပါတယ်။ ခွင့်ပြုနိုင်တဲ့ အတိုင်းအတာကြည့်ပြီးတော့မှ လုပ်ငန်းတွေရဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင်က ထောက်ခံချက်ရမှ လုပ်ငန်းလိုင်စင် ဆောင်ရွက်ပါတယ်”ဟုလည်း ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ကိုင်လျက် ရှိသည့် စက်မှုလုပ်ငန်းများ အနက် ပတ်ဝန်းကျင်အား အသံအား ဖြင့်သော် လည်းကောင်း၊ အနံ့အားဖြင့် သော်လည်းကောင်း အနှောင့်အယှက် ဖြစ်စေသည့် လုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ် ခန့်မှစ၍ မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်မှုဇုန်များကို တည်ဆောက်၍ ပြောင်းရွှေ့ လုပ်ကိုင် စေခဲ့သည်ဟု ဆိုသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ သရက်ပင်ချောင်း ကျေးရွာ အနီး၌ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ငါးပိ ငါးခြောက် ဇုန် နှင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အနံ့လုပ်ငန်း စီမံချက်ဇုန်အား လည်းကောင်း ဆောင်ရွက် ၍ ငါးပိငါးခြောက် နှင့် ဆက်စပ်ပစ္စည်းများ၊ ငရုပ်သီး၊ ငါးပေါင်းမုန့် အစရှိသော အနံ့နှင့် သက်ဆိုင်သည့် လုပ်ငန်း ၃၁၄ ခုအား နေရာချထား ဆောင်ရွက်ခဲ့ကြောင်း YCDC အချက်အလက်များ အရလည်း သိရသည်။
ရန်ကင်းမြို့နယ်တွင် နေထိုင်သော ကိုသူရက “အသံတွေ အရမ်းဆူတဲ့ အလုပ်တွေ အိမ်နီးနား ဝန်းကျင်မှာ ရှိနေတာ တော့ စိတ်အနှောင့်အယှက် ဖြစ်ရတာ အမှန်ပဲ။ သူများစီးပွားရေးကို ပျက်ရာပျက်စီးကြောင်း ပြောတာတော့ မဟုတ်ပါ ဘူး။ ကျနော်တို့လို ဝန်ထမ်းတွေ ပိတ်ရက် နားမယ်ဆိုရင်တောင် ဒီလိုအသံတွေနဲ့ ကိုယ့်အိမ်ကိုယ် နေတာတောင် နား မသက်သာဘူး”ဟု ပြောဆိုသည်။