ထီလက်မှတ်များ အစိုးရ သတ်မှတ်ထားသော ရောင်းဈေးထက် ဈေးတင် ရောင်းချမှုများ ရှိနေသော်လည်း အောင်ဘာ လေထီ ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသဖြင့် အရေးယူနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ထီ လက်မှတ်များ အမြတ်တင် ရောင်းချနေမှုများနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော် အစည်း အဝေးတွင် မရမ်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးခွန်းကို ဝန်ကြီးက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ဦးမြင့်သောင်းက “အောင်ဘာလေထီ ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသဖြင့် အဆင့်ဆင့်သော ထီဆိုင်များ အထိ ကြီးကြပ် ထိန်းကျောင်းရန် အခက်အခဲများ ရှိနေခြင်းကြောင့် ထီလုပ်ငန်းရှင်းများ အသင်းက လစဉ် အစည်းအဝေး ခေါ်ပြီးတော့ ဌာန ခွဲကနေ တိုက်ရိုက် ဝယ်ယူရောင်းချသူများ အနေနဲ့ ထီလက်မှတ်များကို သတ်မှတ်ထားသော ဈေးနှုန်း အတိုင်း ရောင်းချ ရန်၊ မိမိထီဆိုင် အမည်ဖြင့် ထပ်ဆင့် ရောင်းချသော ဆိုင်များအား ဈေးနှုန်းမြင့်မှု မရှိအောင် ကြီးကြပ်ရန် ညွှန်ကြားချက် များနဲ့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
အောင်ဘာလေ ထီဥပဒေ ပြဋ္ဌာန်းနိုင်ရန် အတွက်လည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယင်း ဥပဒေသည် ထီ ဆိုင် အဆင့်ဆင့်ကို ကြီးကြပ် ထိန်းကျောင်းနိုင်မည့် အပြင် သတ်မှတ်ထားသည့် ဈေးနှုန်းများ အတိုင်း ရောင်းချ ဝယ်ယူနိုင် မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။
မရမ်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း က ထီဆိုင်ကြီးများသည် ထီလက်မှတ်များအား အစိုးရ သတ်မှတ် ရောင်းဈေး ထီ ၁ စောင် ၅၀၀ ကျပ်ထက် ပိုမို အမြတ်တင်ကာ လက်လီ၊ လက်ကား ရောင်းချနေခြင်းများ သည် အောင်ဘာလေ သိန်းဆုဌာနက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု ရှိပါသလား၊ မရှိပါက အရေးယူ ဆောင်ရွက် သွားရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း မေးမြန်းခြင်း ဖြစ်သည်။
ဦးရန်ရှင်း က “၂၀၁၈ခုနှစ် ဇူလိုင်လ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ထီလက် မှတ်စာအုပ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၁၈၄၀၉ ဒသမ ၀၅ ဖြစ်ကြောင်း တွေ့ရပါတယ်။ နိုင်ငံတော်မှ ထီတစောင် အတွက် ကျပ် ၄၅၀ ရရှိတိုင်း ထီဆိုင်ကြီးတွေအနေဖြင့် ကျပ် ၁၀၀ အမြတ်တင်ရောင်းချနေတာ ဖြစ်တဲ့အတွက် ပြည်သူနှင့် နိုင်ငံတော် ဘဏ္ဍာကြားမှာ ကျပ်သန်းပေါင်း ၄၀၉၀ ပြည်သူ့ငွေကြေးတွေ နိုင်ငံတော် ဘဏ္ဍာထဲကို မရောက်၊ ကြားခံတွေ အမြတ်ရရှိသွားတာကို တွေ့ရပါတယ်။ အဲဒီ အမြတ်တွေပေါ်မှာ နိုင်ငံတော် အနေဖြင့် စနစ်တကျ စိစစ်ပြီး အခွန်အကောက် များလည်း ကောက်ခံ ဆောင်ရွက် သွားသင့်ပါတယ်” ဟု ပြောဆိုသည်။
ထီတစောင်ကို ကျပ် ၅၅၀ မှ ၇၀၀ ကြား ရောင်းချနေကြခြင်း ဖြစ်သည့်အပြင် ထီဆိုင်ကြီးများတွင် အတွဲလိုက် ရောင်း ချ ခြင်းများ ဖြစ်နေသည့် အတွက် ထီထိုးသူများ အနေဖြင့် အခက်အခဲများ ရှိကြောင်း သိရသည်။
ဦးမြင့်သောင်းက “ထီကံစမ်းတဲ့ သူများဟာ အစွဲအလမ်း အရ ဂဏန်း၊ အက္ခရာ၊ အတွဲ စသည်ဖြင့် ကံစမ်းလာကြတာ ကို ထီဆိုင်ကြီးများက ဈေးကွက် သဘော သဘာဝအရ ဝယ်လိုအား မြင့်တက်အောင် ဒီအက္ခရာတွေ၊ ဂဏန်းတွေ စုစည်း ပြင်ဆင်ပြီးတော့ ထုပ်ပိုး ရောင်းချ တာလာတာကြောင့် ဆိုင်တွေမှာ ထုပ်ပိုးပြင်ဆင်တဲ့ ကုန်ကျစရိတ်တွေ မြင့် လာပြီး ထီဈေး နှုန်းကို တိုးရောင်းချတဲ့ အတွက် ထီဈေးနှုန်း ကြီးမြင့်ရေး ပြဿနာ ဖြစ်ပေါ်လာပါတယ်”ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ထီလက်မှတ် အုပ်ရေ ၄ သောင်းခန့် ရောင်းချရမှုမှ ဝင်ငွေ ကျပ်သန်းပေါင်း ၂၀၀ ခန့် ရရှိပြီး ၆၀ ရာခိုင်နှုန်း ဖြစ်သည့် သန်း ၁၂၀ ခန့်ကို အောင်ဘာလေဆု အဖြစ် ပြန်ပေးကာ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ အခွန် အဖြစ် ပြန်လည် ပေးသွင်းကြောင်း တိုင်းအစိုးရ အဖွဲ့က သိရသည်။
ထို့ပြင် အောင်ဘာလေထီ လက်မှတ် လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ထီဆိုင်ကြီးများမှ ထီရောင်း ချငွေ ပေါ်တွင် ဝင်ငွေခွန် စည်းကြပ်ပြီး နှစ်စဉ် သိန်း ၃၀၀ ကျော်ကို ဝင်ငွေခွန် အဖြစ် ကောက်ခံ ရရှိကြောင်း ဦးမြင့်သောင်း က လွှတ်တော်၌ ဖြေကြားသွားသည်။
အစိုးရ အောင်ဘာလေ ထီဥပဒေ မူကြမ်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်းက ပြည်ထောင်စု လွှတ်တော် အစည်း အဝေး၌ ဆွေးနွေးသွားကြပြီး ယင်းဥပဒေကြမ်း၌ ထီလက်မှတ်များ အတုပြုလုပ်ခြင်း၊ အစိုးရထီ မဟုတ်ဘဲ အခြား လက်မှတ်များ ကို ရောင်းချခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချခြင်းများကို ပြစ်မှုအပေါ် မူတည်၍ ထောင်ဒဏ်များ ပါဝင် နေပြီး ငွေဒဏ် ကျပ်သိန်း ၁၀၀ အထိ ပြစ်ဒဏ်များလည်း ပါဝင်လျက် ရှိသည်။
သို့သော် ယင်း ဥပဒေကြမ်းကို လိုအပ်ချက်များရှိ၍ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ဆိုကာ အတည်မပြုနိုင် သေး ကြောင်း သိရသည်။