အစိုးရက ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing -MLM) လုပ်ငန်းများကို တားမြစ်လိုက်ပြီးနောက် လုပ်ကိုင်နေမှုပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အပြင် ငွေကျပ် ၅ သိန်း အထိပါ ချမှတ်သွားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စားသုံးသူများ ထိခိုက်နစ်နာမှုများ ရှိနေသောကြောင့် ပြည်တွင်းရှိ MLM လုပ်ငန်းများကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၈ ရက်က တားမြစ် ထုတ်ပြန်ကြေညာခဲ့သည်။
ဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင် က “ဒါက ဥပဒေမရှိတဲ့အခါကျတော့ ဒီဟာကို ထိန်းကျောင်းဖို့အတွက် အရေးကြီး ကုန်စည်ဥပဒေအရ တားမြစ်မိန့်ကို ထုတ်လိုက်တာ။ ပုဒ်မ ၅ အရတော့ ထောင်ဒဏ် ၆ လ ကနေ ၃ နှစ်အထိ အပြစ်ပေးနိုင်တယ်။ ဒဏ်ငွေ အနေနဲ့ တော့ ကျပ် ၅ သိန်းနှင့် မပိုသော ဒဏ်ငွေဆိုပြီးတော့ ၂၀၁၂ ခုနှစ် ဥပဒေမှာတော့ ပြဌာန်းထားပါတယ်။ ထောင်ဒဏ်အထိ အပြစ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ မြန်မာပြည်မှာက ဆင့်ပွားလုပ်ငန်းတွေက အများကြီးရှိနေတယ်”ဟု ပြောသည်။
တဖက်တွင်လည်း MLM လုပ်ငန်းနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများတွင် ဆောင်ရွက်နေသကဲ့သို့ တိုက်ရိုက်ဥပဒေကို ရေးဆွဲနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် ပြင်ဆင်ဆောင်ရွက်နေပြီး ဝန်ကြီးဌာနသာမက တခြားတတ်သိနားလည်သော ပညာရှင်များက တခြားနိုင်ငံများ၏ ဥပဒေပေါ်တွင် ကိုးကားပြီးအကြမ်းရေးဆွဲနေကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ ရေးဆွဲရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညိုနှိုင်းမှုများပြုလုပ်ခြင်း၊ အများပြည်သူသို့ ချပြခြင်း၊ ရှေ့နေချုပ်ရုံးနှင့် ညိုနှိုင်း ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်ပြီးပါက ဥပဒေထွက်ပေါ်လာလျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြီး မဲခွဲ ဆုံးဖြတ်ခြင်း စသည်တို့ကို အဆင့်ဆင့်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
MLM လုပ်ငန်းသည် ထိပ်ဆုံး တယောက်မှ အောက်ခြေ အဆင့်ဆင့်သို့ တည်ဆောက်ထားသော ပိရမစ်ပုံစံမျိုးဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ စားသုံးသူများအတွက် ထိခိုက်နစ်နာမှုများ ရှိနေသောကြောင့် လောလောဆယ် တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဦးခင်မောင်လွင် က ဖြစ်သည်။
“နစ်နာမူတွေရှိတယ်ဆိုပြီး လွှတ်တော်မှာလည်း ဆွေးနွေးတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ဒီ MLM ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူပြီးတော့ စုံစမ်းစစ်ဆေးခဲ့တယ်။ အဲအချိန်မှာ တချို့ကုမ္ပဏီတွေက ဘာလည်းဆိုတော့ လက်ရှိမှာ ဥပဒေမရှိတဲ့အတွက် တားမြစ်ထားတာ မရှိဘူး” ဟု ဦးခင်မောင်လွင်က ပြောသည်။
ဆက်လက်၍ ၎င်းက “မရှိတဲ့အခါကျတော့ လုပ်ထားတဲ့ ကုမ္ပဏီမှာ တချို့က အခွန်ရှောင်တာ ရှိတယ်။ တချို့ကုမ္ပဏီတွေက အစားအသောက်နဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်မရှိပဲနဲ့ ဖြန့်ဖြူးရောင်းချ နေတာတွေ့ရတယ်။ နောက်တချက်ကတော့ တချို့ကုန်စည်တွေက လိုင်စင်လျှောက်ထားပြီးမှ တင်သွင်းရမယ့် ကုန်စည်တွေ ဖြစ်တယ်။ ဒါပေမယ့် လိုင်စင်မလျှောက်ထားပဲ တင်သွင်းထားတာ တွေ့ရှိရတယ်”ဟု ပြောသည်။
လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် မိမိတို့ နိုင်ငံ၏ ထုတ်ကုန်အရည်အသွေးများ ပြည်ပနိုင်ငံများ နည်းတူ အဆင့်မီနိုင်ရေးအတွက် လက်လီလက်ကားရောင်းချသည့် လုပ်ငန်းများကို တရားဝင်ခွင့်ပြုကြောင်း ထုတ်ပြန်ထားခြင်းများလည်းရှိသည်။
MLM လုပ်ငန်းရှင် ဦးဆန်းဝင်းထွန်း က “အားလုံးက ဥပဒေနဲ့ အညီလုပ်တာ ပိုကောင်းပါတယ်။ အခုအစိုးရက တားမြစ်တယ်ဆိုတာလည်း သူတို့ ဥပဒေနဲ့ အညီပြင်ဆင်နေပါတယ်ဆိုတာလည်း အန်ကယ်တို့ကြားတယ်။ ဒါကြောင့် ဘာပဲပြောပြော ဥပဒေနဲ့ အညီ ထွက်လာတဲ့ လုပ်ငန်းကို လုပ်မယ်ဆိုရင် ကိုယ်စားလှယ်တွေလည်းကောင်းမယ်။ သူတို့လည်းကျင့်ဝတ်ညီတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရမှာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီ MLM လုပ်ငန်းကို ဥပဒေနဲ့ လုပ်ကြတယ်။ ဒီမှာက ကိုယ်စားလှယ်တွေနဲ့ပဲ လုပ်ကြတော့ ပြဿနာတွေဖြစ်လာတယ်။ အန်ကယ်ကုမ္ပဏီကတော့ အခုလ ၇ ရက်က စပြီးတော့ နိုင်ငံတော်အစိုးရလည်း မဘောမကျဘူး။ ပြည်သူတွေ ကြားထဲမှာလည်း ဝေဖန်ပြစ်တင်မှုတွေ ဖြစ်လာတယ်ဆိုပြီးတော့ ရပ်မှဖြစ်မယ်ဆိုပြီး ကြိုရပ်လိုက်တာ” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် MLM လုပ်ငန်းများကို ကုမ္ပဏီမှ သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများအတိုင်း သေချာ မလုပ်ကိုင်ခြင်း၊ လောဘနှင့် ဈေးကွက်များသို့ ထိုးဖောက်သည့် အခါတွင် ဆင့်ပွားဆောင်ရွက်ခြင်းတွင် ပြဿနာများ ဖြစ်လာခြင်း ဖြစ်ကြောင်း O ပြောသည်။
ဥပဒေနှင့်အညီ လုပ်ကိုင်မည် ဆိုလျှင် MLM လုပ်ငန်းများမှာ တိုင်းပြည်အတွက်လည်း အကျိုးရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စားသုံးသူများ ထိခိုက်နစ်နာမှုများ ရှိနေသောကြောင့် ပြည်တွင်းရှိ MLM လုပ်ငန်းများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၁၉ ရက်တွင် MLM လုပ်ငန်းများဖြစ်သည့် အိမ်းစတား နက်ဝေါ့(ခ်) ကုမ္ပဏီ၊ Shine Hope ကုမ္ပဏီ၊ စုံတွဲကြိုးကြာ (မြန်မာ) ကုမ္ပဏီ၊ ရွှေပန်းတိုင်ကုမ္ပဏီ၊ Lucky Time Trading ကုမ္ပဏီ၊ Zhulian ကုမ္ပဏီ၊ Successmore ကုမ္ပဏီအစရှိသဖြင့် ဆင့်ပွားလုပ်ငန်းကုမ္ပဏီများ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။