သတင်း

လွှတ်တော် ကိုယ်စားလှယ်များ ပုဂ္ဂလိက ဘဏ်များတွင် ပိုင်ဆိုင်မှု ပြစရာမလိုဘဲ ငွေချေးခွင့်ရ

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်မှာ ရောက်ရှိပြီး လွှတ်တော် တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပုဂ္ဂလိက ဘဏ် တချို့က ပိုင်ဆိုင်မှု အထောက်အထား မလိုဘဲ ငွေချေးပေးနေတယ်လို့ စုံစမ်း သိရပါတယ်။

ဧရာဝတီ (AYA)၊ သမဝါယမ (CB)၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB) တွေ ကနေ ငွေရေးကြေးရေး ဝန်ဆောင်ပေးနေတာလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီ သတင်း ဌာနကို ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ်သိန်း ၅၀ အထိ ချေးယူခွင့်၊ Credit Card (အကြွေးကတ်) ဖိုး မပေးရတဲ့ ဝန် ဆောင်မှုနဲ့ ရက်အကန့် အသတ်နဲ့ အတိုး ကင်းလွတ်ခွင့်တွေနဲ့ ငွေချေးပေးနေတာ ဖြစ်ပါတယ်။

လစဉ် လစာကျပ် ၁၀ သိန်း ရတာ၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တာကြောင့် ဂုဏ်သိက္ခာ ရှိပြီး ယုံကြည်မှုရှိတာကြောင့် ဒီလိုမျိုး ကမ်းလှမ်းပေးတာ ဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်မှာ ရုံးချုပ် ရှိတဲ့ SMIDB က ဆိုရင် လွှတ်တော် ကိုယ်စားလှယ် ၃ ဦး အချင်းချင်း ပြန် ထောက်ခံပေးရင် တယောက်က ကျန်တဲ့ ၂ ယောက်က ထောက်ခံပေးရင် ပိုင်ဆိုင်မှု ပြစရာ မလိုဘဲ ကျပ်သိန်း ၅၀ ရမှာ ဖြစ်ပြီး အဲဒီငွေ ပြန်ဆပ်နိုင်ရင် ကျပ်သိန်း ၁၀၀ ထပ်ချေးပေးမယ်လို့ သိရကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

ဦးအောင်လှိုင်ဝင်း က “အတိုးက ၁ နှစ်ကို ၁၃ ကျပ်။ ပြန်ဆပ်ငွေကတော့ ပုံသေပဲ။ ဥပမာ ကျနော်တို့က အရင်းကို ၁၈ လနဲ့ အကြေဆပ်ရ မှာပေါ့။ ၁၈ လ အတွင်းမှာ ဆိုရင် အရင်းက ၂ သိန်း ၈ သောင်းလောက် ပေးရမယ်။ အတိုးက ၆ သောင်းလောက် ထည့်ဆပ်ရမှာ ဆိုတော့ စုစုပေါင်း တလကို ၃ သိန်း ၃ သောင်းလောက် ပြန်ပေးရမယ်” လို့ ရှင်းပြပါတယ်။

အတိုးကတော့ ၁၈ လစာ အတွက် တခါတည်း ယူထားလိုက်တာ ဖြစ်ပြီး စောပြီး ပြန်ဆပ်လည်း အတိုး သက်သာမှာ မဟုတ်ကြောင်း၊ တလ ၆ သောင်းလောက် အတိုးသတ်ရမှာ ဖြစ်လို့ လုပ်ငန်းတခုခု ရှိမှ အဆင်ပြေမှာ ဖြစ်ကြောင်း၊ ငွေကျပ် သိန်း ၅၀ နဲ့လည်း လုပ်ငန်းတခု လည်ပတ်ဖို့ မဖြစ်နိုင်ကြောင်း၊ CB ဘဏ်ကလည်း သိန်း ၅၀ အထိ ချေး ပေးကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းမှ အမည်မဖော်လိုတဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တဦးရဲ့အဆိုအရ အလုပ်လုပ်ချင်တဲ့ လွှတ်တော် ကိုယ်စား လှယ်တွေကတော့ SMIDB ဘဏ်ရဲ့ ချေးငွေကို စိတ်ဝင်စားကြပြီး Credit Card ပေးမှာ မဟုတ်ဘဲ ငွေအလုံးအရင်းလိုက် ပေးမှာ ဖြစ်လို့ အဆင်ပြေနိုင်တယ်လို့ ပြောပါတယ်။

“ဒီဘဏ်ကတော့ တခြားဘဏ်တွေနဲ့ မတူဘူး။ ငွေအလုံးလိုက် ရတယ်။ တချို့ဘဏ်တွေက တခါထုတ်ရင် ထုတ်ခ တွေ ပေးရတာတွေ ရှိတယ်။ ဈေးဝယ်ရင် ၃ ရာခိုင်နှုန်း ပေးရတာတွေလည်း ရှိတယ်။ ကိုယ်စားလှယ် တချို့ကလည်း ဧရာဝတီဘဏ်က ယူတယ်။ တချို့က CB ဘဏ်က ယူတယ်။ တချို့လည်း အခု စက်မှု ဖွံ့ဖြိုးရေးဘဏ်က ယူမယ်။ လုံးဝ မယူတဲ့သူတွေလည်း ရှိတယ်။ အကုန်လုံး ယူတာတော့ မရှိဘူး။ တချို့လည်း ပြန်အပ်ကြတယ်” လို့ ယင်းအမျိုး သမီး ကိုယ်စားလှယ်က ဆိုပါတယ်။

လွှတ်တေ်ာ ကိုယ်စားလှယ်တွေအနေနဲ့ SMIDB ကို ချေးငွေရရှိရန် အတွက် တောင်းဆိုမှုတွေ ရှိနေတာကြောင့် ဘဏ်ကနေ ဖြေလျှော့မှုတွေ ပြုလုပ်ပေးပြီး ချေးငှားပေးခြင်းမျိုး ဖြစ်တယ်လို့ SMIDB ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာညွန့်က ဧရာဝတီကို ပြောဆိုပါတယ်။

“ကျနော်တို့က ချေးချင်တယ် ဆိုပြီး သွားကမ်းလှမ်းတာမျိုးတော့ မဟုတ်ဘူး။ သူတို့ လာချေးလို့ ချေးပေးလိုက်တာပါ။ ရဲစခန်း ထောက်ခံစာ မလုပ်ချင်ဘူး ဆိုလို့ အဲဒီဟာ တွေကိုလည်း မတောင်းဘူး။ အခွင့်အရေး ပေးတာမျိုး မဟုတ်ဘဲ လာချေးတဲ့ သူအနေနဲ့ပဲ ချေးပေးတာမျိုးပါ” လို့ ဧရာဝတီကို ပြောပါတယ်။

လက်ရှိ အချိန်အထိ SMIDB မှာ ချေးငွေ ရယူထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၅၅ ဦး ရှိတယ်လို့ သူက ဆိုပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ငွေချေးတဲ့ ကိစ္စက ဘဏ်အပေါ်မှာ မူတည်ပြီး ဘဏ်ပိုင်ရှင်တွေ ကိုယ်စားလှယ် တွေကို စေတနာထား လုပ်ပေးတဲ့ အပေါ်မှာလည်း မူတည်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းမြင့် က ပြောပါတယ်။

“ကျနော်ဆိုရင် ဧရာဝတီဘဏ်မှာ ခရစ်ဒစ်ကတ် လုပ်တယ်။ တခြား ပြင်ပ ပုဂ္ဂိုလ်တွေ ဆိုရင် ခရစ်ဒစ် ကတ်ဖိုးလည်း ပေးရတယ်။ တနှစ်ကို တခါ ဝန်ဆောင်ခလည်း ပေးရတယ်။ တသိန်းပေါ့။ ကျနော်တို့ ကျတော့ မပေးရဘူး။ အဆင်ပြေ တယ်။ နောက်တခုက သိန်း ၃၀၊ သိန်း ၅၀ တို့ကို ရက် ၅၀ အကြွေး သုံးခွင့်ပေးတယ်။ အတိုးမပေးရဘူး” လို့ သူက ဆိုပါတယ်။

ဧရာဝတီဘဏ်ရဲ့ အတိုးနှုန်းကလည်း ငွေ ၁၀၀ ကို တကျပ်နှုန်း ဖြစ်ပြီး တနှစ်လုံး အတွက် ၁၂ ကျပ်၊ ဝန်ဆောင်ခ ၁ ကျပ် စုစုပေါင်း ၁၃ ကျပ် ကျသင့်ကြောင်း၊ လကုန်ရင်တော့ သုံးထားတဲ့ငွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းနဲ့ အတိုးပေး ရတယ်လို့ သိရပါတယ်။

ဦးထွန်းမြင့်က “ဘဏ်က အတိုးကို ရက်တွက်နဲ့ ယူပေးတယ်။ ဥပမာ ၁ နှစ် ၃၆၅ ရက်မှာမှ ငွေ ၁၀၀ ကို ၁၃ ကျပ်ပဲ အတိုးယူတာ။ ကျနော်တို့က ရက် ၇၀ ထားမလား။ ရက်နဲ့ပဲ တွက်ယူတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေ မနစ်နာအောင် အဲဒီလို လုပ်ထားပေးမယ်” လို့ ပြောပါတယ်။

ဧရာဝတီဘဏ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်ဇော်ကတော့ ကိုယ်စားလှယ်တွေကို အထူး အခွင့်အရေး ပေးပြီး ဝန်ဆောင် ပေးတာမျိုး မဟုတ်ဘဲ ပရိုမိုးရှင်းကာလမှာ လျှောက်ထားတဲ့အတွက် ဒီလိုဝန်ဆောင်မှုတွေ ရရှိနေတာ ဖြစ်ကြောင်း၊ ဘဏ်မှာ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ သီးသန့် ခေါင်းစဉ်မျိုးနဲ့ မထားဘဲ နိုင်ငံဝန်ထမ်း ကဏ္ဍအောက်မှာပဲ ရှိ ကြောင်း ရှင်းပြပါတယ်။

“နေပြည်တော်မှာ လာထုတ်တာကတော့ လူ ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့မှာ ကဏ္ဍ ၂ ခု ပဲ ရှိတယ်။ အစိုးရဝန်ထမ်း ကဏ္ဍရယ်၊ ပြည်သူ ကဏ္ဍရယ်။ လာလျှောက်တဲ့ ပုံစံမှာ ပြောတာ။ အဲဒီမှာ အစိုးရဝန်ထမ်း ကဏ္ဍထဲမှာ လာထုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ်က ရွှေကြာပင်ဘဏ်က စာရင်းအရ လူ ၁၀၀ လောက် ရှိတယ်”လို့ ဦးမြင့် ဇော်က ပြောပါတယ်။

ဘဏ်တွေမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ခရက်ဒစ်ကတ်နဲ့ ကတ်ဖိုးပေးရတာတွေ ရှိပေမယ့် နိုင်ငံတကာမှာ လုပ်သလို ကတ်ဖိုးတွေကို လျော့ပေးတာ၊ Credit ကတ် လုပ်ငန်း အောင်မြင်ချင်လို့ ပရိုမိုးရှင်း လုပ်ပေးတာ ရှိကြောင်း၊ ရန်ကုန်မြို့ မြန်မာပလာဇာမှာ လုပ်ခဲ့တဲ့ ပရိုမိုရှင်းမှာလည်း ကတ်ဖိုးတွေ လျော့ပေးတာမျိုး ရှိခဲ့ဖူးကြောင်း ဧရာဝတီ ဘဏ်က ပြောဆိုပါတယ်။

“အကြွေးကတ်ဖြစ်တဲ့ အတွက် အရင် သုံးထားပြီးမှ အကြေးဆပ်ဆိုတဲ့ ပုံစံပဲ။ လွှတ်တော် ကိုယ်စားလှယ်ကိုတော့ ရက် ၅၀ ပေးတယ်။ ကျန်တဲ့သူတွေကို မပေးဘူးဆိုတာမျိုးလည်း မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ခေါင်းစဉ် တပ် ပေးထားတာမျိုးတော့ လုံးဝ မရှိဘူး။ ပရိုမိုးရှင်းကာလမှာ မိတဲ့သူက ရတယ်။ မမိတဲ့သူက မရဘူး” လို့ ဦးမြင့်ဇော်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် သက်တမ်း ပြည့်သွားလို့ နောက်သက်တမ်း မလုပ်ရရင်တောင် နိုင်ငံတော်ရဲ့ ချီးမြင့်ငွေ သိန်း ၅၀ ပေးမယ့် အာမခံချက် ရှိတာကြောင့် အာမခံချက်ရှိတဲ့ ပုဂ္ဂိုလ်၊ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်အဖြစ် တချို့ဘဏ် တွေက သိန်း ၅၀ အထိ ချေးပေးတာလို့ လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက သိရပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြံပေးတဦး ဖြစ်သူ ဦးသန်းလွင်ကတော့ လစာဝင်ငွေ ပုံမှန်ရှိသူတွေကို ဘဏ်တွေကက Hire Purchase (အရစ်ကျ) စနစ်နဲ့ တိုက်ခန်းတို့၊ ကားတွေ ဝယ်လို့ ရအောင် လုပ်ပေးနေသလို လွှတ်တော် ကိုယ်စားလှယ် ရဲ့ ဝင်ငွေကြောင့် ချေးငှားရတာ စိတ်ချရလို့ ဘဏ်တွေက ပိုတောင် ချေးချင်ကြသေးတယ်လို့ ပြောပါတယ်။

“ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ပြောမရဘူး။ သူတို့ (လွှတ်တော် ကိုယ်စားလှယ်)က ဝင်ငွေတောင် ပိုသေ ချာသေးတယ်။ ဒီ ၅ နှစ် သက်တမ်းလည်း သေချာနေတာ ဆိုတော့ ဘဏ်တွေက ချေးကြမှာပေါ့။ အဲဒီအတွက် ဘာပြ ဿနာမှ မရှိဘူး။ လုပ်လို့ ရတယ်”လို့ ဦးသန်းလွင်က ဆိုပါတယ်။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၆၄ ဦး ရှိပြီး ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးတို့ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် အများစုမှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဖြစ်ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading