အိန္ဒိယနိုင်ငံ ထရီပူရ ပြည်နယ်ဝန်ကြီးချုပ် ဘစ်လက် ကူးမာဒတ်ကို သတ်ဖြတ်ရန် မြန်မာအခြေစိုက် မူးယစ်ကုန်ကူးသူများ က အကွက်ကျကျ စီစဉ်နေသည်ဟု ခြိမ်းခြောက်မှု ထွက်ပေါ်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးဟောင်းနှင့် BJP ပါတီမှ လွှတ်တော် အမတ် ရာတန်ချာကရာ ဘော်တီက ပြော ကြောင်း နယူးဒေလီအခြေစိုက် ANI သတင်းက ဆိုသည်။
မြန်မာမူးယစ်ရာဇာများသည် နေပြည်တော်တွင် မကြာသေးမီက စုဝေး၍ ပြည်နယ်ဝန်ကြီးချုပ် ဒတ်ကို သတ်ဖြတ်ရန် တိုင်ပင်ခဲ့ကြောင်း လွှတ်တော်အမတ် ဘော်တီ၏ ပြောဆိုချက်တွင် ပါရှိသည်။
BJP ပါတီဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲကျင်းပရာ ချာကရာဘော်တီက “မြန်မာနိုင်ငံက မြို့တော်မှာ အာရှထိပ်ဆုံး မူးယစ်ရာဇာတွေနဲ့ကုန်ကူးသူတွေ စုဝေးတိုင်ပင်ပြီး ဘစ်လက်ကူးမားဒတ် ကို လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ကြတာကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အင်မတန် စိတ်ပူနေရပါတယ်” ဟု ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ် ကူးမားဒတ်သည် အာဏာရလာပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးများကို အင်အားအလုံး အရင်းဖြင့် လုပ်ဆောင်ခဲ့ရာ ရာထူးသက်တမ်းအတွင်း ထရီပူရ ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့များသည် ဆေးခြောက် ၄၁၀၀၀ ကီလိုဂရမ်၊ ချောင်းဆိုးပျောက် ဆေးပုလင်း ၈၀၀၀၊ စိတ်ကြွဆေးပြား ၁ဒသမ၃၅ သိန်း(မြန်မာထုတ် ယာဘဆေးပြားအပါအဝင်)၊ ဘိန်းဖြူ ၂ ကီလိုဂရမ်၊ သကြားညို ၆၂၀ နှင့် မူးယစ်ကုန်ကူးသူ ၂၅၀ ထက်မနည်းကို ဖမ်းဆီးရမိခဲ့သည်။
“သူ့ကို သတ်ဖို့ သူတို့က ကြေညာပြီးပါပြီ။ အဲဒါကြောင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက အရေးပေါ်အစည်းအဝေးထိုင်ပြီး ပြည်ထဲရေးဘက်ကို သတင်းထုတ်၊ သတိပေးထားရ ပါတယ်။ သူဟာ ထရီပူရက မူးယစ်ဂိုဏ်းကို စစ်ဆင်ရေးလုပ်ခဲ့တဲ့အတွက် သူ့ကိုသတ်ဖို့ ဒီလူတွေ ကြိုးစားလာနိုင်တယ်” ချာကရာဘော်တီက ထပ်လောင်းပြောကြားသည်။
၎င်းက ယခင် ပြည်အစိုးရဟောင်း ဖြစ်သည့် အိန္ဒိယကွန်မြူနစ်ပါတီ(မာ့က်စ်ဝါဒ) ကိုလည်း အပြစ်တင် လိုက်ပြီး ကွန်မြူနစ် ပါတီခေါင်းဆောင်များအနေဖြင့် အာဏာရခဲ့စဉ်က မူးယစ်ကုန်ကူးမှုများကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် အထောက်အကူ ပြုခဲ့ကြောင်း စွပ်စွဲလိုက်သည်။
အစိုးရသစ်ဖြစ်သည့် BJP-IPFT အာဏာရလျှင်ရချင်း ဝန်ကြီးချုပ်က ထရီပူရပြည်နယ်ကို မူးယစ် ကင်းစင်သည့် ပြည်နယ် အဖြစ် ရှင်းလင်းရန် အမိန့်ပေးခဲ့သည်။
ယင်းလုပ်ဆောင်ချက်အားလုံး၏ ရလဒ်အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ရန် မူးယစ်ရာဇာများက စိုင်းပြင်းလာခြင်းဖြစ်ကြောင်း ချာကရာဘော်တီက ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ချာကရာဘော်တီနှင့် အတူ MLA ရမ်ပါဒါဂျာမာတီယာနှင့် BJP ပါတီမှ ဝါရင့်ခေါင်းဆောင် ပရာတီမာဘဟိုမိတ်တို့ တက်ရောက်ခဲ့ကြသည်။
ထရီပူရ ပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ တောင်တန်းများပေါ်တွင် တည်ရှိသည့် သေးငယ် သော ပြည်နယ်ဖြစ်ပြီး၊ အာသံ၊ မီဇိုရမ်ပြည်နယ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်နေသည်။