နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သိမ်းဆည်းခံထားရသည့် လယ်ယာမြေနှင့် အခြားမြေများ ကိစ္စအား ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးစစ်ဆေးရန် တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို လမ်းညွှန်ချက်ပေးပို့၍ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ယင်းသို့ ညွှန်ကြားထားချက်နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အစိုးရအဖွဲ့ ရုံးတွင် စက်တင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် မြေယာကိစ္စ သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် က “နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်မှာ မြေစစ် (သိမ်းဆည်းခံမြေများစိစစ်ရေး) ကိစ္စတွေကို ဒီနှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံး ပြီးပြတ်အောင် စစ်ရမယ်လို့ ပါရှိပါတယ်။ ဒါကလည်း ဧရာဝတီ တတိုင်းတည်းကို ညွှန်ကြားတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးကို ညွှန်ကြားထားတာပါ” ဟု ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများပြန်လည်စိစစ်ရေး ကော်မတီ (မြေ/စစ်ကော်မတီ) အနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်ချက်အတိုင်း ဒီဇင်ဘာလ ၃၁ ရက်အမီ မြေယာသိမ်းဆည်းသည့်အမှုများ ပြီးစီးအောင် စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆိုသည်။
ဝန်ကြီးချုပ် က “သမ္မတကြီးရဲ့လမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော်ဖို့ ကျနော့်အနေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းက မြေစစ်နဲ့ ပတ်သတ်တဲ့ ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေကို ခေါ်ပြီးတော့ မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက် ရေးအတွက် မှာကြားပြီးပါပြီ။ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား ပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်လို့ ဒီကာလထဲမှာ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အရေးကြီးသောကိစ္စရပ်ကလွဲလို့ မြေစစ်ကိစ္စကို အဓိက ဆောင်ရွက်ဖို့ မှာကြားထားပါတယ်”ဟု ပြောသည်။
ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်သည့် ဗဟို မြေ/စစ်ကော်မတီ အနေဖြင့် သိမ်းဆည်းခံမြေယာ အမှုများ စစ်ဆေးရာတွင် မြန်ဆန်စေရန်အတွက် ယခုလဆန်းပိုင်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး မြေ/စစ် ကော်မတီများထံသို့ မြေယာကိစ္စစစ်ဆေးရာတွင် လိုက်နာ ကျင့်သုံးရမည့် မူဝါဒ ၅၂ ချက်ကို လမ်းညွှန် ထားကြောင်း သိရသည်။
ဧရာဝတီတိုင်း မြေ/စစ်ကော်မတီထံသို့ စစ်ဆေးရန် ချထားပေးသည့် မြေသိမ်းမှုပေါင်း ၆၀၀ ရှိပြီး အဆိုပါအမှုများအနက် ၁၀၂ မှုကို စစ်ဆေးနိုင်ခဲ့ပြီး စစ်ဆေးဆဲ ၂၅၆ မှုရှိနေကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး မြေ/စစ်ကော်မတီ အတွင်းရေးမှူး ဧရာဝတီတိုင်း စာရင်းအင်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဌာန ညွှန်ကြား ရေးမှူး ဦးတင်ဝင်းက ပြောသည်။
ထိုသို့ စစ်ဆေးရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းယူခဲ့သည့်မြေယာကိစ္စများကိုသာ စစ်ဆေးသွားမည်ဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှေပိုင်းကာလက မြေသိမ်းမှုများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က တာဝန်ကျေစပါး မသွင်းနိုင်၍ နိုင်ငံတော်မှ ပြန်လည်သိမ်းယူခဲ့သည့် မြေကိစ္စများ၊ လယ်ယာမြေကို ပေါင်နှံ လုပ်ကိုင်သည့် လယ်ပြန်ငွေပြန်ကိစ္စများနှင့် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ထံတင်ပြထားသည့် မြေယာ အငြင်းပွားသည့်အမှုများ ပါဝင်မည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြေ/စစ်ကော်မတီထံမှ သိရသည်။
သိမ်းဆည်းခံမြေယာအမှုများ စစ်ဆေးရွာတွင် အဓိကကျသည့် ရပ်ကွက်၊ ကျေးရွာအဆင့် မြေ/စစ် ကော်မတီတွင် အဓိက တာဝန်ရှိသည့် ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဒေသ အများစုတွင် ဖြစ်ပွားနေသည့် မြေသိမ်းမှုအများစုတွင် ပါဝင်ပတ်သတ်ခဲ့သူများဖြစ်နေခြင်း၊ ငွေကြေးချမ်းသာသည့် ခရိုနီများ၊ ကုမ္ပဏီများနှင့် နီးစပ်သူများဖြစ် နေခြင်းကြောင့် ယခုအတိုင်းသာ စစ်ဆေးပါက မှားယွင်းမှုများဖြစ်ပေါ်နိုင်ပြီး မြေသိမ်းခံလယ်သမားများ နစ်နာနိုင်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ် က “ရပ်/ကျေး မြေစစ်ကော်မတီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေက ယခင်မြေသိမ်းမှုတွေမှာ ပါဝင်ပတ်သတ်ခဲ့သူတွေ အများစုဖြစ်နေတယ်။ မြေစစ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်သော်လည်း ကိုယ်စားလှယ်တွေကလုပ်ပိုင်ခွင့်မရှိဘူး။ ကိုယ်စားလှယ်တွေပြောချင်ရာပြော သူတို့က ရေးချင်တာရေးပြီး အထက်ကို တင်ပြတာတွေ ရှိနေတယ်။ အဲတော့ မြေစစ်ကော်မတီမှာ လယ်သမားကိုယ်စားပြု အရပ်ဖက် အဖွဲ့အစည်းတွေ မပါဝင်သရွေ့ ဘယ်လိုပဲစစ်စစ် အမှန်တရား ထွက်မလာနိုင်ဘူး။ အမှန်တရားမဖြစ်ရင် မြေသိမ်းခံ လယ်သမားတွေပဲ ထပ်ပြီး နစ်နာကြဦးမှာပဲ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန်စီမံကိန်း၊ ဟိုတယ်ဇုန်စီမံကိန်း။ မြေအောက်ရတနာ ဖော်ထုတ်ရေး စီမံကိန်း၊ ရထားလမ်း စီမံကိန်း စသဖြင့် စီမံကိန်းများဖော်ဆောင်ရန်၊ တပ်များတိုးချဲ့တည်ဆောက်ရန်၊ ဌာနဆိုင်ရာ ရုံးများဆောက်လုပ်ရန်အတွက် တပ်မတော်၊ အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်ခရိုနီများနှင့် ကုမ္ပဏီများမှ သိမ်းဆည်းရယူခဲ့သည့် လယ်ယာမြေနှင့်မြေလွတ် မြေရိုင်းဧကပေါင်း ၂ သိန်းကျော် ရှိနေကြောင်း ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်မှဖွဲ့စည်းခဲ့သည့် သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ စိစစ်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် ၆ ခုရှိသည့်အနက် မအူပင်ခရိုင်တစ်ခုတည်းမှာပင် ဒေသခံများထံမှ သိမ်းယူ၍ ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့် မြေဧကပေါင်း ၁ သိန်း ၇ သောင်းကျော် ရှိနေကြောင်း မအူပင်ခရိုင် သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေးအဖွဲ့ ထံမှ သိရသည်။
ဗဟို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တာဝန်ယူဆောင်ရွက်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုုပ်များအားလုံးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ များအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။