သတင်း

အပြစ်ပေးခံရသည့် ဝန်ထမ်းများ တိုင်းရင်းသား ဒေသ စေလွှတ်မှု မရှိသင့်တော့ဟု ဆို

Want create site? Find Free WordPress Themes and plugins.

အရေးယူခံရသည့် အစိုးရ ဝန်ထမ်းများကို နယ်ပြောင်း အပြစ်ပေးသည့် အနေဖြင့် ဝေးလံခေါင်ဖျား နယ်စပ် ဒေသ၊ တိုင်းရင်းသား ဒေသများသို့ စေလွှတ်မှုသည် ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်မည် ဆိုသော နိုင်ငံတွင် မရှိသင့်တော့ကြောင်း တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ဖွံ့ဖြိုးမှု နောက်ကျနေသည့် ကချင်၊ ကယား၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ အပြစ်ရှိသော ဝန်ထမ်းများ၊ အဂတိ လိုက် စားမှု၊ လာဘ်ပေး လာဘ်ယူမှုတွင် ပါဝင်သူများကို အရေးယူ အပြစ်ပေးသည့် အနေဖြင့် စေလွှတ်ခြင်းသည် တိုင်းရင်း သား ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးများ သက်ရောက်စေပြီး ယင်းလုပ်ရပ်အပေါ် စိတ်မကောင်း ဖြစ်ရ ကြောင်း ကယား ပြည်နယ် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ က သတင်း ထောက် များကို ပြောသည်။

“ကယားကို ရောက်လာတဲ့ ဝန်ထမ်း အချင်းချင်း နှုတ်ဆက်ရင်တောင် မင်္ဂလာပါလို့ မနှုတ်ဆက်ဘူး။ မင်း ဘာနဲ့ ထိလဲ ဆိုပြီး အဲဒီလောက်အထိ အခြေအနေ ဆိုးနေတာက အခု ထက်ထိပဲ။ ပြီးခဲ့တဲ့ ဥပဒေကြမ်း အဖွဲ့ရဲ့ အစည်းအဝေး တခု မှာ ရဲမှူးကြီး တယောက်က ရဲဝန်ထမ်းတွေ အလုပ်မလုပ်လို့ ချင်း အထိ ပို့ပစ်လိုက်တယ်လို့ ပြောတော့ Heart ကို ထိ သွား တာ ပဲ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာ ခင်စည်သူက ဆက်လက်၍ “ပြည်နယ်က ဆင်းရဲရတဲ့ အထဲမှာ ဝန်ထမ်းတွေ ခန့်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ဝန်ထမ်း တွေကို အပြစ်ရှိလို့ အပြစ်ပေးလိုက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ဥပမာ- တဘောင် လိုလို စကားပုံလို ထွက်နေတာ က သွားလေရော လဟယ် ပေါ့။ မတောက်တခေါက် ကယားရောက် အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဝမ်းနည်းတယ်”ဟု လည်း ပြောကြားသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု လည်းကောင်း၊ ဒီမိုကရေစီ၊ တန်းတူရေးဟု ကြွေးကြော်နေသော်လည်း အောက်ခြေတွင် မြေနိမ့်ရာ လှံစိုက်၊ ငယ်ထိပ် တက်ဖိသည့် ပုံစံမျိုးဖြင့် ဖွံ့ဖြိုးမှု နောက်ကျသည့် ပြည်နယ်များသို့ ဒီဂရီ များ သတ်မှတ်ပြီး ပြောင်းရွှေ့နေ၍ ၎င်းတို့ ဒေသသည် အပြစ်ပေးသည့် အကျဉ်းထောင် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကယား ပြည်နယ် ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ ခင်စည်သူက ပြောဆိုသည်။

ချင်းပြည်နယ် ထန်တလန် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီရွှေလန်း ကလည်း“ကျမတို့ဆီကို အပြစ် ရှိ တဲ့ ဝန်ထမ်းတွေ လာတာတော့ ကျမတို့ နည်းနည်းတော့ ခံစားရတယ်။ ချင်းပြည်နယ်မှာ ပညာတတ်တွေ နည်း တယ်။ အတွေ့အကြုံ နည်းတဲ့သူတွေက များတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ ဝန်ထမ်းတွေကို ဆက်ပြီး ပညာပေးနိုင်မယ့် လူတွေ၊ လမ်းညွှန်ပေးနိုင်မယ့် လူတွေ၊ ဝန်ထမ်းတွေကို စွမ်းဆောင်မှု မြှင့်တင်ပေးနိုင်မယ့် လူတွေကို ရောက်လာစေ ချင်တာ”ဟု ပြောသည်။

ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများသို့ အပြစ်ရှိသူများကို ပို့ခြင်းသည့် တိုးတက်လမ်း မရှိစေရန် ပြုလုပ်ခြင်းနှင့် တူ ကြောင်း၊ ချင်းပြည်နယ်သို့ ရောက်လာသည့် ဝန်ထမ်း အချင်းချင်း မဲဇာတောင်သို့ ရောက်လာပြီဟု စနောက်ကြ ကြောင်း၊ ပြစ်ဒဏ်ဖြင့် ရောက်ရှိလာသည့် ဝန်ထမ်းများသည်လည်း လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် လုပ်ဆောင်မှု မရှိတော့ ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ကချင် ပြည်နယ် ခေါင်လမ်ဖူး ဒေသသို့ ရောက်ရှိလာသည့် မြို့နယ် ပညာရေးမှူး၊ လက်ထောက် မြို့နယ် ပညာရေးမှူး တို့မှာ အရေးယူခံရသည့် ဝန်ထမ်းများ ဖြစ်နေပြီး ပြည်ထောင်စု လွှတ်တော်တွင် ဝန်ကြီး ကိုယ်တိုင်က အရေးယူခံရသူ များကို ခေါင်လမ်ဖူးသို့ ပို့ခဲ့သည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြောင်း၊ ဒေသ၏ပညာရေး အခြေအနေမှာ ၉ နှစ် ဆက်တိုက် ၁၀ တန်းအောင်မြင်သူ တဦးမျှမရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီ ကလည်း ပြောသည်။

“ခေါင်လမ်ဖူး မြို့နယ်ရဲ့ ပညာရေး အခြေအနေက ဒီလောက် ဆိုးရွားနေတဲ့ အချိန်မှာ ဒီလိုမျိုး လူတွေကို ထပ်ပို့မယ် ဆိုရင် အပို့ ခံရတဲ့ လူတွေရော၊ ဟိုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေရော အစားအသောက် ဆင်းရဲ၊ အနေဆင်းရဲ လမ်းပန်း ဆက်သွယ်ရေး ဆင်းရဲတဲ့ ကြားထဲမှာ ရာသီဥတုကို ကြံ့ကြံ့ခံပြီးတော့မှ ကြိုးစားနေတဲ့ လူတွေက ဘယ်လို ဖြစ်သွားမလဲ”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ယခု ကိစ္စ အတွက် လွှတ်တော်သို့ မေးခွန်း မေးထားပြီး အမှန်တကယ်တွင် အပြစ်ရှိသည့် ဝန်ထမ်းများကို နေပြည်တော် ဝန်ကြီးရုံးတွင်လည်း တွဲထား၍ ရကြောင်း ဦးအာမိုးဆီက ဆက်လက် ပြောကြားသည်။

ပညာရေး ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက အပြစ်ရှိသူကို တိုင်းရင်းသား ဒေသများသို့ ပို့ရမည် ဆိုသည့်မူ မရှိကြောင်း၊ ဝန်ထမ်း ဥပဒေ အရ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းမှာ ပြစ်မှုထဲတွင် မပါကြောင်း၊ ပြစ်မှု ဥပဒေ အရ နှုတ်ဖြင့် သတိပေးခြင်း၊ စာဖြင့် သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ ရာထူးတိုး လျှော့ချခြင်း၊ ရာထူး အဆင့် လျှော့ချ ခြင်းနှင့် ထုတ်ပယ်ခြင်း တို့သာ ရှိကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

ဦးဝင်းမော်ထွန်းက “ခေါင်လမ်ဖူး ကိစ္စက ကချင်ပြည်နယ် အတွင်းမှာ အဲဒီနေရာ တာဝန် ထမ်းဆောင်ဖို့ရာ သူ့လက် အောက်နဲ့ သူ့ပတ်ဝန်းကျင်နဲ့ အဆင်မပြေတော့တဲ့ အချိန်မှာ ကချင်ပြည်နယ် အတွင်းမှာ လှည့်တာဝန်ပေးတာ ရှိ တယ်။ အပြစ်ပေးတယ် ဆိုပြီး ဝေးတဲ့နေရာ သွားပို့လို့ ဘယ်ဖြစ်မလဲ။ လုပ်ငန်း စွမ်းဆောင်ရည် တက်လာအောင် လုပ်ပေးဖို့ ရည်ရွယ်ချက်ပဲ ရှိတယ်။ အဲဒီမှာ အဝေးကြီး နယ်သွားပြောင်းလို့ ဥပဒေမှာလည်း မရှိပါဘူး”ဟု ပြောသည်။

ရခိုင်အမျိုးသား ပါတီမှ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကမူ “ကျနော် တို့ ဘူသီးတောင်မှာလည်း ဝန်ထမ်းတချို့က လာဘ်ပေးလာဘ်ယူတွေ ရှိတယ်။ ကျနော် ကိုယ်တိုင် အဂတိမှာ တိုင်ခဲ့ တာ ပဲ။ အဲဒါတွေ ဘာလို့ ဖြစ်ရလဲ ဆိုတော့ ပြည်မကနေ ပြီးတော့ တခုခု အဂတိ လိုက်စားတာပဲ ဖြစ်ဖြစ်၊ လာဘ်ပေး လာဘ် ယူ မှုတွေ လုပ်တာပဲ ဖြစ်ဖြစ် ပန်နယ်လ်တီ (ပြစ်ဒဏ်) ထိပြီးတော့ နယ်စပ် ဒေသတွေကိုပဲ ပို့တာပဲ”ဟု ပြောဆို သွား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading