သတင်း

ဒေါ်လာဈေး ထိုးတက်နေခြင်းမှာ လောင်းကစားဆန်ဆန် ဈေးကစားမှုများကြောင့် ဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းငွေကြေး လဲလှယ်ရေးဈေးကွက်တွင် ဒေါ်လာဈေးမှာ သန်းနှင့်ချီ၍ လောင်းကစားဆန်ဆန် ဈေးကစားမှုများ ရှိနေသဖြင့် ဒေါ်လာဈေး ထိုးတက်နေခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ကျပ် ၁၆၂၀ ကျော်ထိ မြင့်တက်နေပြီး အချိန်ပိုင်း၊ မိနစ်ပိုင်းအတွင်း အပြောင်းအလဲများ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတော် အစိုးရ ဗဟိုဘဏ်အနေဖြင့်လည်း ဈေးကွက်တွင် ညို၍ မရဖြစ်နေကြောင်း မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်သူများ က ပြောသည်။

နိုင်ငံခြားငွေ ရောင်းဝယ်သူ ဦးခင်မောင်ဝင်း က “ကျရင်လည်းဇွတ်ကျတယ်။ အခုကတော့ လောင်းကစားဆန်ဆန် သွားနေတော့ အတက်ပဲ သွားနေတယ်။ ဥပမာ Money changer ကို ဗန်းပြပြီးတော့ ကစားနေတဲ့သူတွေလည်း အများကြီးပဲ။ ဒါမျိုးတွေ ရှိတယ်။ တနေ့ကို (ဒေါ်လာ) သန်းနဲ့ချီပြီးတော့ ဈေးကွက်မှာ ဝင်ကစားနေကြတယ်။ အကွာအဝေးကို ညနေကျရင် အလျှော်အစားလုပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စီးပွားရေး ပညာရှင် ဦးမင်းခင် က “ဒီတရားမဝင် ငွေကြေးသက်ရောက်မှုက မြန်မာပြည်မှာတော်တော်ကြီးတယ်။ တရားမဝင် စီးပွားရေး ကဏ္ဍပေါ့။ ဒါကလည်း အရွယ်အစား ဘယ်လောက်ကြီးတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိဘူး။ အဲတော့ တရားဝင်စီးပွားရေးနဲ့ ဆတူလောက်ရှိလား။ ပိုကြီးလား ပြောရခက်တယ်”ဟု ရှင်းပြသည်။

နိုင်ငံခြား ငွေဈေးကွက်လေ့လာသူ ဦးစန်းဝင်းကတော့ ဈေးကွက်အတွင်း၌ အမြင့်ဆုံးဆိုသည့် စံချိန်တင်ဈေးသို့ ရောက်ရှိနေသော်လည်း လောလောဆယ်တွင် လေနှင့် အရောင်းအဝယ်ပြုလုပ်မှုများ များနေသည်ဟု ဆိုသည်။

ထိုးတက်နေတဲ့ ဒေါ်လာဈေး / ဧရာဝတီ

လက်ရှိ မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်မှုမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယဉ်လျှင် ၈၀ ရာခိုင်နှုန်းခန့် ဖောင်းပွမှု ရှိလာကြောင်း ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က “ကျနော်တို့ ပြည်သူတွေ အပါအဝင် ငွေရှိတဲ့သူတွေက ဒေါ်လာ ဝယ်ယူ စုဆောင်း တာပေါ့။ အမှန်တော့ ဒေါ်လာ ဝယ်ချင်တဲ့သူတွေက ပြန်ရောင်းချင်ရင်တောင် ၃၊ ၄ သိန်းရောင်းဖို့ မလွယ်ဘူး ။ ဒါကြောင့် ဝယ်ယူ စုဆောင်းတဲ့ လူတွေရှိတယ်။ ဒီလူတွေကြောင့် ဖြစ်သင့်တဲ့ ဈေးထက် ပိုပြီးတက်လာတယ်။ ကျနော်တို့ အမှန်တော့ ဒေါ်လာဈေး ဒီလောက်တော့ တက်ဖို့ မလွယ်ဘူး” ဟု ပြောသည်။

ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဈေးကစားကြခြင်းမှာ မှောင်ခိုဈေးကွက် ပေါ်လာပြီး နောက်ပိုင်းတွင် ဖြစ်လာခြင်းဖြစ်ကြောင်း၊ ဒေါ်လာဈေး တက်လာခြင်းသည် တိုင်းပြည် စီးပွားရေးအပေါ် ရိုက်ခတ်လာကြောင်း စီးပွားရေးပညာရှင် ဦးမင်းခင် က ပြောသည်။

ဦးမင်းခင် က “ဒေါ်လာဈေးမြင့်တက်တာက ဘာကိုရိုက်ခတ်လဲ ဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးလှုပ်ရှားမှု ရှိသင့်သလောက် ရှိနေတယ်ဆိုတာပြတယ်။ အခုတက်တာက ပြည်တွင်းဈေးကွက် လူပ်ရှားမှုကြောင့် ဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် အမျိုးသားစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတွင် စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာဝန်ကြီးများ၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ အစရှိသည့် တာဝန်ရှိသူများ ပါဝင်ပြီး ထိုကော်မတီက ရန်ကုန်တိုင်းရှိ ငွေကြေးအရောင်းအဝယ် ပြုလုပ်နေသောသူများကို ခေါ်ယူ တွေ့ဆုံထားသည်။

ထိုးတက်နေတဲ့ ဒေါ်လာဈေး / ဧရာဝတီ

ဒေါက်တာ စိုးထွန်းကတော့ လက်ရှိကြုံတွေ့နေရသည့် ဒေါ်လာဈေးပြဿနာ ရင်းမြစ်ကို အဖြေရှာနိုင်ရေး၊ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်မှ ယွမ်ငွေကို မြန်မာနိုင်ငံ အတွင်း ဒေါ်လာအဖြစ် ပြန်ဝင်နေသည့် အခြေအနေအပါအဝင် အချက် ၇ ချက်ကို အမျိုးသား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီထံ တင်ပြထားပြီး လာမည့် အပတ်တွင် ကော်မတီဘက်မှ အကြောင်းပြန်လာလိမ့်မည်ဟုဆိုသည်။
ဒေါက်တာစိုးထွန်း က “ငွေကြေးနဲ့ ပတ်သက်တဲ့ ဈေးကွက်မရှိဘူး။ မရှိတော့ ဗဟိုဘဏ်က သတ်မှတ်တာ ဈေးတမျိုး၊ အပြင်မှာ ဈေးတခု ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တရားဝင်ဈေးကွက် ဖြစ်လာဖို့ တင်ပြထားတယ်”ဟု ပြောသည်။

ပြည်တွင်း၌ ငွေကြေးဝယ်ယူသူများကို ဗဟိုဘဏ်မှလည်း တွေ့ဆုံလိုကြောင်း ပြောကြားထားသည်ဟုလည်း ဒေါက်တာ စိုးထွန်းက ပြောသည်။

ဒေါ်လာဈေး တက်နေသည့် အခြေအနေနှင့် ပတ်သက်၍ အစိုးရအဖြင့် အများပြည်သူများ၏ အကြံဉာဏ်များယူပြီး ယခုထက်ပို၍ ကြိုးစား လုပ်ဆောင် သင့်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှ လုပ်ဆောင်ရမည့် အချက်များလည်းရှိကြောင်း၊ တရားမဝင် လုပ်ကိုင် နေသည်များကိုလည်း တရားဝင်အဖြစ် ပြောင်းလဲ လုပ်ကိုင်လာနိုင်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း စီးပွားရေး ပညာရှင် ဦးမင်းခင် က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading