သတင်း

ကမန် မှတ်ပုံတင် ထုတ်ပေးနေမှု စစ်ဆေးမည်ဟု ဝန်ကြီးပြော

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား မဟုတ်သူများကို  ကမန်လူမျိုး အနေဖြင့် မှတ်ပုံတင် ထုတ်ပေးနေသည်ဟု ပြောဆိုမှု များရှိနေသည့်အပေါ် စစ်ဆေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

စက်တင်ဘာလ ၂၀ ရက်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သည့် လုပ်သား ဈေးကွက် ပြုပြင်ပြောင်းလဲ ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “အဲဒါနဲ့ ပတ်သက်ပြီး ကမန် တိုင်းရင်းသား ပါတီက ကမန် လူမျိုးမဟုတ်ဘူးလို့ ကန့်ကွက်နေတာ ရှိပါတယ်။ ဒါကလည်း ဌာနအနေနဲ့ စနစ်တကျ စိစစ်ထားပါတယ်။ ထပ်ပြီးတော့လည်း စိစစ်မှာ ဖြစ်ပါ တယ်။ တွေ့ရှိတယ်ဆိုလည်း တွေ့ရှိတဲ့ အနေအထားတွေကို ပြန်လည်ပြီး လိုအပ်သလို ဥပဒေနဲ့ အညီ ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များတွင် အများဆုံး နေထိုင် သော ကမန် တိုင်းရင်းသားများကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ ဖြင့်သာ မှတ်ပုံတင် ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသခံများ၊ ပါတီအဖွဲ့အစည်းများက ကမန်မဟုတ်ဟု ကန့်ကွက်မှုများ ရှိ နေသည့် အတွက် ယင်းကိစ္စကို စိစစ်ပြီး အများပြည်သူ သိရှိရန် ပြန်လည် ရှင်းလင်းသွားမည်ဟု လည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်နီမော် ကျေးရွာ အုပ်စုတွင် ကမန်လူမျိုး လူဦးရေ ၂၀၀ ကျော်သာ ရှိသော်လည်း ယင်းကျေးရွာ အုပ်စုနေ ဘင်္ဂါလီများကို ကမန် လူမျိုး အမည်ဖြင့်  ၃၃၀၆  ဦး အထိ မှတ်ပုံတင် ထုတ်ပေးထားသည်ဟု ကမန် အမျိုးသား တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

အဆိုပါ ကိစ္စကို စစ်ဆေး အရေးယူပေးရန် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် အစိုးရ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားထားသည့် အပြင် ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးတွင်လည်း ကျောက်နီမော် ဒေသခံ ရခိုင်နှင့် ကမန်လူမျိုးများ၊ ပါတီ အဖွဲ့အစည်းများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပါတီ အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲ ကာလကနေ ဟိုလူ ကမန်မဟုတ်ဘူး၊ ဒီလူ ကမန်မဟုတ်ဘူး အမြဲတမ်း ပြောနေတယ်။ ကျနော်တို့ ကမန်လူမျိုးကို ခုတုံး လုပ် အသုံးချပြီး  မြန်မာ့နိုင်ငံရေးမှာ  ထွက်ပေါက် တခုအနေနဲ့ အသုံးချသွားရင် ကျနော်တို့မှာလည်း တာဝန် ရှိတယ်လို့ ဒီလို ခံယူပြီး အစိုးရသိအောင် အမြဲတမ်း ပြောနေရတယ်။ ဒီလို လုပ်ရပ်တွေ မလုပ်လာအောင် ပိတ်ပင် တားဆီးနေတာ ဖြစ်တယ်”ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။

ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင် နေထိုင် ကြီးပြင်းလာကြသူများ ဖြစ်သည့် အတွက် ၎င်းတို့၏ နိုင်ငံသား ဖြစ်မှုကို တားဆီး ကန့်ကွက်လိုခြင်း မရှိကြောင်း၊ သို့ရာတွင် ကမန်လူမျိုးတို့နှင့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ မတူညီသူများက ကမန်လူမျိုး အမည်ဖြင့် မှတ်ပုံတင် ရရှိနေခြင်းမှာ မူလ ကမန်လူမျိုးကို ထိခိုက်နစ်နာစေသည့် အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား များကို ပြန်လည် စိစစ်ရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြန်လည် စိစစ်မည့် ကိစ္စတွင် ၎င်းတို့ဒေသခံများ အနေဖြင့် လည်း ပူးပေါင်း ဆောင်ရွက်လိုကြောင်းလည်း ဦးတင်လှိုင်ဝင်းက ပြောဆိုသည်။

အဆိုပါ ကိစ္စ အပေါ် ကျောက်နီမော် ကျေးရွာ ရပ်မိရပ်ဖ တဦးဖြစ်သည့် ဦးအောင်ကျော်ဇံက  လူဦးရေ ၃ ထောင်ကျော် အား မှတ်ပုံတင် ထုတ်ပေးခြင်းသည် ဝန်ကြီးဌာနက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း မှန်ကန်စွာ ဆောင်ရွက် ပေးခဲ့သည့် ကိစ္စ ဖြစ်ကြောင်း၊ မိမိ အပါအဝင် အဆိုပါ လူ ၃၀၀၀ ကျော်သည်လည်း ရခိုင်ရိုးရာ ယဉ်ကျေးမှု အတိုင်း ဝတ်စား နေထိုင် ပြောဆိုနေသည့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ ကမန် တိုင်းရင်းသားများ ဖြစ်ကြောင်း ပြောဆို သည်။

“ကန့်ကွက်တယ် ဆိုတာက ကျနော်တို့ကို သက်သက် မနာလိုလို့ ကန့်ကွက်နေတာလို့ သုံးသပ်ရမှာပဲ။ ယဉ်ကျေးမှုက လည်း အတူတူပဲလေ။ သူတို့က ဘာကို ပြောချင်တာလဲ။ ကျနော်တို့က ရခိုင်စကားပြောသလို ဗမာစကား ပြောတယ်။ ကျောင်းတက်တယ်။ သားသမီးတွေ ဆွေမျိုးကအစ နိုင်ငံ့ ဝန်ထမ်းတွေလည်း ရှိနေတယ်လေ။ ဝတ်စား ဆင်ယင်တာ ပြောဆိုတာက အစ ရခိုင်တွေနဲ့ အားလုံးအတူတူပဲလေ” ဟု ၎င်းက ဆိုသည်။

ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အဆိုပါ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ် ပေး သည့် ကိစ္စနှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော် သို့ စက်တင်ဘာလ ၁၉ ရက်က တင်သွင်းထားကြောင်း ပြောကြားသည်။

ကမန် ရပ်မိရပ်ဖများ၏ အတည်ပြုချက်၊ ကမန်လူမျိုး စိစစ်ရေး ကော်မတီ ဗဟို၏ စိစစ်ချက်အရ မြန်မာ တနိုင်ငံလုံး တွင် ကမန် ဦးရေ ၄ သောင်းကျော် ရှိသည်ဟု ကမန် အမျိုးသား တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း၏ ပြောကြားချက် အရ သိရသည်။

Loading