သတင်း

တပ်မတော် နိုင်ငံရေးမှ ထွက်ခွာရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) သည် ၎င်း၏ အစီရင်ခံစာကို စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ တိုင်းပြည်၏ နိုင်ငံရေးမှ ထွက်ခွာပြီး ပြန်လည်ဖွဲ့စည်း တည်ဆောက်ရန် အကြံပြုလိုက်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော အသေးစိတ်လေ့လာမှု၊ အထူးသဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ ပဋိပက္ခများနှင့် ပတ်သက်သော အသေးစိတ် လေ့လာမှု ပြုလုပ်ပြီးနောက် ထိုအစီရင်ခံစာက မြန်မာ့တပ်မတော်ကို အရပ်သားအစိုးရ၏ အပြည့်အဝ ထိန်းချုပ်မှု အောက်တွင် ထားရှိကာ တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများမှ ဖယ်ရှားရမည်ဟု ဖော်ပြထားသည်။

“တပ်မတော်က ဥပဒေရဲ့ အထက်မှာ ရှိနေသ၍ ငြိမ်းချမ်းရေးကိုမရနိုင်ပါဘူး” ဟု FFM ဥက္ကဋ္ဌ မာဇူကီဒါရူစမန်းက ပြောကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မာဇူကီဒါရူစမန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့နေချုပ်ဟောင်း ဖြစ်သည်။

မြန်မာနိုင်ငံ ခေတ်သစ်ဒီမိုကရေစီ နိုင်ငံအဖြစ် တိုးတက်ဖြစ်ပေါ်ရေးတွင် တပ်မတော်သည် အကြီးမားဆုံး အဟန့်အတားဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်း အားလုံးကို ဖယ်ရှားရမည် ဖြစ်ပြီး တပ်မတော်ကို အရပ်သား အစိုးရအောက်တွင် ထားရှိနိုင်ရန် အပြည့်အဝ ပြန်လည်တည်ဆောက်ရမည် ဖြစ်ကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကာလသည် ထိုအချက်ပေါ်တွင်သာမူတည်နေကြောင်းလည်း FFM ဥက္ကဋ္ဌက ဆက်လက်ပြောကြား ထားသည်။

၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်သွင်းသော စာမျက်နှာ ၄၄၀ ပါရှိသည့် FFM အစီရင်ခံစာတွင် မြန်မာ့တပ်မတော်က ကျူးလွန်သော၊ အထူးသဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်း ပြည်နယ်များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် ကျယ်ပြန့်သော အထောက်အထားများကို အသေးစိတ် ဖော်ပြထားသည်။

တပ်မတော်ခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွင်း စုံစမ်းစစ်ဆေး အရေးယူရန် တောင်းဆိုသော ပဏာမ အစီရင်ခံစာကို သြဂုတ်လက တင်သွင်းပြီးနောက် ယခု အစီအရင်ခံစာ အပြည့်အစုံကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။

အစီရင်ခံစာတွင် FFM က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းထားပြီး တပ်မတော်အပါအဝင် လုံခြုံရေးကဏ္ဍကို အရပ်သားအစိုးရ အောက်တွင်ထားရှိခြင်းဖြင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် တိုက်တွန်းထားသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခြင်းနှင့် ဘဏ္ဍာငွေခွင့်ပြုခြင်းကို လွှတ်တော်က အတည်ပြု ရန်နှင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သောစနစ်ကို ဖျက်သိမ်းရန် လိုသည်ဟု ဖော်ပြထားသည်။

“အရပ်သားအာဏာပိုင်များနှင့် သက်ဆိုင်ရာ တပ်မတော် အပါအဝင် မြန်မာအစိုးရသည် လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် နေရာများ သီးသန့်ထားရှိခြင်း မပြုသင့်ဘဲ၊ ဒုတိယသမ္မတ တဦးနှင့် ဝန်ကြီးများ ခန့်အပ်နိုင်သည့် တပ်မတော်၏ လုပ်ပိုင်ခွင့်နှင့် တချို့ဝန်ကြီး ဌာနများကို တပ်မတော်၏ ထိန်းချုပ်မှုအောက်မှ ပယ်ဖျက်ခြင်းများ လုပ်ဆောင်သင့်သည်” ဟု ထို အစီရင်ခံစာက ဆိုသည်။

ဥပဒေနှင့်မညီသည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများ၊ လိင်ကွဲပြားမှုကို အခြေပြုသည့် ထိပါးနှောက်ယှက် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ ရှေ့နေ၊ သတင်းသမား၊ ငြိမ်းချမ်းရေး လှုပ်ရှားသူများကို အရေးယူခြင်းတို့ ရပ်ဆိုင်းရန် အစိုးရ၊ အရပ်ဖက်အာဏာပိုင်နှင့် တပ်မတော်တို့ကို တောင်းဆိုထားပြီး Reuters သတင်းထောက်များဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လွှတ်ပေးရန်လည်း အစီရင်ခံစာက တိုက်တွန်းသည်။

တဖက်တွင်လည်း ထိုအစီရင်ခံစာက အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ မြန်မာရာဇဝတ်မှု ဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ မြန်မာနိုင်ငံ အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) တို့ကဲ့သို့သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆို၊ ထင်မြင်၊ စည်းရုံးခွင့်များကိုခြိမ်းခြောက်သည့် ဥပဒေများအား ပြင်ဆင်ရန်လည်း မြန်မာအစိုးရကို တိုက်တွန်းထားသည်။

နိုင်ငံ၏ ဒီမိုကရေစီရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးခြင်း မရှိဘဲ ပြုလုပ်ရန် ထိုအဖွဲ့က အစိုးရနှင့်တပ်မတော်ကို တောင်းဆိုသော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများကမူ ထိုမဏ္ဍိုင် အဖွဲ့အစည်းများ လိုက်နာမည်မဟုတ်ဟု ယူဆကြသည်။

“FFM ရဲ့ အကြံပြုချက်တွေဟာ နိုင်ငံတကာစံနှုန်းနဲ့အညီပါပဲ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ စစ်တပ်ကို ရှေ့တန်းတင်တာမရှိဘူး။ ဒါပေမယ့် တပ်မတော်က အခုအကြံပေးခံရတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကုန်လိုက်လုပ်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုးအရင်ကတည်းက ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေက အကြံပြုတာကို တခါမှ မလိုက်နာဘူးလို့ပဲ” ဟု လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

နိုင်ငံကို အပြည့်အဝအုပ်ချုပ်ခွင့် တားဆီးပိတ်ပင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြောင့်လည်း အစိုးရသည် အကျပ်အတည်း ဖြစ်ရကြောင်းနှင့် အစိုးရက FFM အစီရင်ခံစာ အပြည့်အစုံကို မည်သို့တုံ့ပြန်မည်ကို ပြည်သူများက စောင့်ကြည့်နေကြောင်းလည်း သူက ဆက်ပြောသည်။

“အစီရင်ခံစာထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေပေမယ့် အကြံပြုချက်တွေဟာ နိုင်ငံကောင်းကျိုးအတွက် ဖြစ်သင့်တဲ့ အကြံပြုချက် တွေပါ။ ဒါပေမယ့် ဒါတွေကို လိုက်လုပ်မယ် မလုပ်ဘူး ဆိုတာကတော့ အစိုးရနဲ့ တပ်မတော်အပေါ်မှာပဲ မူတည်တယ်” ဟုလည်း သူက ပြောသည်။

“တဖက်ကကြည့်ပြန်တော့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်က အရမ်းကို ရှုပ်ထွေးပြီး အစိုးရ ဒါမှမဟုတ် တပ်မတော်က ကိုယ်နစ်နာမှာတွေကို အလေးမထားဘဲ နိုင်ငံအတွက် တကယ်လိုတယ်ဆိုပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲလိုမှသာ လုပ်လို့ရမယ်။ နိုင်ငံတကာ မျက်နှာစာမှာကတော့ တိုင်းပြည်ရဲ့ ပုံရိပ်က အရမ်းကို အကျည်းတန်နေပြီ။ အခြေအနေ ဒီထက်ပိုဆိုးမလာပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ” ဟုလည်း သူပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်၊ လက်နက်ပိတ်ဆို့မှုနှင့် အရေးယူပိတ်ဆို့မှု ပြုလုပ်ရန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းတပ်မှူးငါးဦး အပါအဝင် သက်ဆိုင်သူများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းရန်နှင့် ခရီးသွားလာခွင့် ပိတ်ပင်ရန်တို့ကိုလည်း ထိုအစီရင်ခံစာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုထားသည်။

အစီရင်ခံစာက နိုင်ငံတကာ ဥပဒေများ လိုက်နာကြရန်၊ လူ့အခွင့်အရေးကို လေးစာလိုက်နာရန်နှင့် ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနှင့် ဆွေးနွေးရန်တို့ကိုလည်း အစီရင်ခံစာက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ARSA တို့ကိုလည်း တိုက်တွန်းသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading