စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ဆိပ်ကမ်းမှ အခြေပြု၍ ချင်းတွင်းမြစ်တွင်း ပြေးဆွဲနေသည့် ကုန်တင် ရေယာဉ်၊ ခရီးသည် တင်ရေယာဉ်များကို စစ်ဆေးကြပ်မတ်လာသဖြင့် မတော်တဆ ဖြစ်ပွားမှုများလည်း လျော့နည်းသွားကြောင်း သတင်းရရှိသည်။
၂၀၁၆ ခုနှစ်က အောင်စိုးမိုးကျော် ခရီးသည် ရေယာဉ် တိမ်းမှောက်ပြီး နောက်ပိုင်းတွင် ချင်းတွင်းမြစ် ပြေးဆွဲနေသော ကုန်တင်ရေယာဉ်၊ ခရီးသည်တင် ရေယာဉ်များ သတ်မှတ် စည်းကမ်းများ လိုက်နာမှု ရှိစေရေး အတွက် မြို့နယ်တိုင်း၌ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရ.စ.က)နှင့် စစ်ဆေးရေး အဖွဲ့များကို ဖွဲ့စည်းခဲ့၍ စည်းကမ်း မလိုက် နာသော ရေယာဉ်များကို အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းကြောင့် လျော့ကျသွားခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသ ကြီး ရေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သန်း ကဆိုသည်။
ဦးအောင်သန်း က “ဥပဒေ ပုဒ်မတွေက ရာကျော်လောက် ရှိတာပေါ့။ အဲဒီအထဲက အဓိက လေးချက်လောက်ကို ဦးတည် ပြီး ဆောင်ရွက်နေတယ်။ ရေယာဉ်တွေမှာ သတ်မှတ် ခရီးသည်ထက် ပိုမို တင်ဆောင်ခြင်း မရှိစေရေး၊ ခေါင်မိုးပေါ် တက် ရောက် စီးနင်းခြင်း မရှိစေရေး၊ ညဘက် မောင်းနှင်ခြင်း မရှိစေရေး၊ သက်ကယ် ပစ္စည်းများ သတ်မှတ်ချက် အတိုင်း ပြည့်စုံ စွာ ပါရှိရေးကို ဦးစားပေး စစ်ဆေးပြီးတော့မှ စေလွှတ်ပေးပါတယ်” ဟု ဧရာဝတီ ကို ပြောပြသည်။
မြို့နယ်တိုင်းရှိ စစ်ဆေးရေး ဂိတ်များတွင် စည်းကမ်းပျက် ရေယာဉ် အရေးယူမှု အနေဖြင့် ၂၀၁၇ ခုနှစ် အတွင်းက စည်းကမ်းပျက် ရေယာဉ် ၁၀ စီး ဝန်းကျင်းကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အတွင်း၌ အရေးယူမှု တစီးသာရှိတော့ကြောင်း သိရသည်။
မုံရွာမြို့ဆိပ်ကမ်းမှ အခြေပြု၍ ခန္တီးမြို့၊ ဟုမ္မလင်းမြို့စသည့် မြို့နယ်များကို ပြေးဆွဲနေသည့် ကုန်တင်ရေယာဉ်၊ ခရီးသည် တင်ရေယာဉ်များ သတ်မှတ် စည်းကမ်းအတိုင်း မောင်းနှင်းမှု ရှိ၊ မရှိ လမ်းကြောင်း တလျှောက်၌ စစ်ဆေးရေး ဂိတ်များ ဖွဲ့စည်း၍ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ရေယာဉ်များ မထွက်ခွာမီ စစ်ဆေးပြီးတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ရေယာဉ်တွေမှ စေလွှတ်ပါတယ်။ ဆိပ်ကမ်း ဂိတ်အနေနဲ့ မုံရွာမြို့ကနေ ခန္တီး အထိကို အားလုံးပေါင်း ၈ ခု ရှိတယ်။ ဆိပ်ကမ်းဂိတ်တိုင်းမှာ ရေယာဉ်တွေ ဝင်ရောက် သတင်း ပို့ရပါတယ်။ သတ်မှတ်တဲ့ စည်းကမ်းချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးခံရပါတယ်။ စစ်ဆေးပြီး သတ်မှတ်ချက်တွေနဲ့ ညီမှ ဆက်လက် ထွက်ခွာခိုင်းတယ်” ဟု ဦးအောင်သန်းက ဆက်လက် ပြောသည်။
ချင်းတွင်းမြစ်တွင်းပြေးဆွဲနေသည့် ရေယာဉ်များနှင့် ပတ်သက်၍ ခရီးသည်များ အစုလိုက် အပြုံလိုက် သေဆုံးမှု မရှိစေရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီနှင့် စစ်ဆေးရေးအဖွဲ့များက ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“စစ်ကိုင်းတိုင်း အတွင်းမှာ အောင်စိုးမိုးကျော် ဖြစ်ပြီး နောက်ပိုင်းမှာတော့ အကြီးအကျယ် ဖြစ်တာမျိုးတော့ မရှိတော့ဘူး။ ရေယာဉ်နစ်လို့ လူ၂ ဦး သေဆုံးမှုတော့ ရှိပါတယ်။ ကြီးကြီးမားမား ဆုံးရှုံးတာတော့ မရှိပါဘူး။ ဒီနှစ်ထဲမှာတော့ လောလော ဆယ် အမှုကြီး အနေနဲ့ တစီးပဲ ရှိတယ်။ အမှုကြီးတယ်ဆိုတာက ခရီးသည် ပိုမို တင်ဆောင်တာပေါ့”ဟု ဦးအောင်သန်းက ဆက်လက် ပြောသည်။
ဆိပ်ကမ်းဂိတ်များတွင် သေချာ စိစစ် ဆောင်ရွက်လျက် ရှိသည့် အတွက် စည်းကမ်း လိုက်နာမှု အားကောင်းလာပြီး စည်းကမ်းပျက် ရေယာဉ်များ ယခင်ကထက် လျော့နည်းသွားကြောင်း၊ စည်းကမ်းပျက် ရေယာဉ်များကို ဥပဒေ အရ အရေးယူ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ကဆင့် သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆို ရပြီး ပြဋ္ဌာန်း ဥပဒေများသည် ရဲအရေး ပိုင်ခွင့် ဥပဒေများ ဖြစ်နေကြောင်း သိရသည်။
မုံရွာ-ဟုမ္မလင်း ပြေးဆွဲနေသည့် မော်တော် ရေယာဉ်မောင်း တဦး ဖြစ်သည့် ဦးဝင်းခိုင်က “ကျနော်တို့ ရေယာဉ် အသင်း တွေကလည်း အခုလို လုပ်ဆောင်တဲ့အပေါ် တိတိကျကျ လိုက်နာကြပါတယ်။ လက်ရှိမှာက အွန်လိုင်းက အားကောင်း လာတော့ ပိုသတိထားရပါတယ်။ ဆိပ်ကမ်းက ထွက်ခွာသွားတဲ့ သင်္ဘောတစီး ခရီးသည် ပိုတင်တာမျိုး လုပ်လာပြီဆိုရင် ခရီးသည်ကနေ လူမှုကွန်ရက်ပေါ်ကို ဓာတ်ပုံရိုက်ပြီး တင်တယ်။ အဲဒီမှာ ရေယာဉ်ကို စစ်ဆေးရေး အဖွဲ့က ချက်ချင်း သက်ဆိုင်ရာ မြို့နယ်ကို လှမ်းပြောပြီး အရေးယူ ဆောင်ရွက်ခိုင်းနေတော့ တော်တော်များများက ဆင်ခြင်လာကြတယ်” ဟု ရှင်းပြသည်။
အဆိုပါကဲ့သို့ စစ်ဆေးရာတွင် မထွက်ခွာမီ ပုံမှန် စစ်ဆေးမှုများ အပြင် လိုင်စင်သက်တမ်း တိုးခြင်းများ အတွက်လည်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီမှ ဥက္ကဋ္ဌ ဦးအာကာမြင့်က “အရင်ကထက် လျော့နည်း သွားတာပေါ့။ ဘာလို့ လျော့နည်းသွားလည်းဆိုရင် ဂိတ်တွေမှာ သေချာ အစစ်ခံရတယ်။ ခရီးသည်တွေ အစုလိုက် အပြုံ လိုက် သေဆုံးမှု မရှိစေရေးကို အဓိက ဦးတည်ပြီး ဆောင်ရွက်နေတာ ဆိုတော့ ချင်းတွင်းမြစ် အတွင်း ပြေးဆွဲနေတဲ့ ခရီးသည် ရေယာဉ်တွေကို ဦးစားပေးပြီး စစ်ဆေးနေပါတယ်။
စည်းကမ်း အသေးအဖွဲလေးတွေ ဖောက်တာမျိုးတော့ ရှိနေ သေးတာပေါ့နော်။ တခုခုဖြစ်လာပြီ ဆိုရင် ကယ်ဆယ်ရေး အနေနဲ့ကတော့ တိုင်ဒေသကြီး ကယ်ဆယ်ရေးဌာနဲ့ မီးသတ် တပ်ဖွဲ့နဲ့ ပူးတွဲ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
မုံရွာမြို့မှ အခြေပြု၍ ချင်းတွင်းမြစ် အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ်အသင်း ၁၉ သင်း ရှိပြီး ခရီးသည် တင်ယာဉ် စုစုပေါင်း ၁၃၇ စီးမှ နေ့စဉ် ရေယာဉ် ၁၀ စီးခန့် ပြေးဆွဲလျက် ရှိသည်။
ထို့ပြင် ကုန်တင် ရေယာဉ် အသင်း ၂၀ ရှိကာ ကုန်တင်ယာဉ် ၅၇၇ စီးရှိကြောင်း ကုန်ရရှိသည့် အပေါ်မူတည်၍ နေ့စဉ် ကုန်တင်ရေယာဉ် ၁၂ စီးခန့် ပြေးဆွဲပေးနေကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ သို့ မှတ်ပုံတင်ထားသည့် စာရင်းများ အရ သိရသည်။