မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်ရှိ ဘွက်ကြီးရေလှောင်တမံ၏ တာဘောင်မှာ စက်တင်ဘာလ အတွင်း ၂ ကြိမ် မြေကျွံမှုဖြစ်ပွားခဲ့ရာ ဆည်အောက်ရှိ ကျေးရွာ ၈ ရွာမှ ဒေသခံ၂ ထောင်ကျော် ဘေးလွတ် မည့် ကုန်းမြင့် များပေါ်သို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း အောင်လံမြို့ နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်ထံ မှသိရသည်။
“လက်ရှိ ဆည်အောက်မှာ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရတဲ့ ရွာ ၈ ရွာ ၉ ရွာလောက်ရှိတယ်။ ရွာတရွာ ချင်းအလိုက်ဆို ရွာရဲ့ လူဦးရေ ၄ ပုံမှာ ၃ ပုံလောက်က အန္တရာယ်ရှိတယ်ဆိုပြီးတော့ အိမ်စောင့်လောက် ပဲထားပြီး ရေလွတ်ရာနေရာ လမ်းဘေးတွေကိုပဲ ရောက်နေကြတယ်၊ လူဦးရေအားဖြင့် ၂ ထောင် လောက်က ရောက်နေကြတယ်။” ဟု အောင်လံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ဧရာဝတီကိုပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့က အလျား ပေ ၁၅၀၊ အနံက ပေ ၃၀ ခန့် တာဘောင်မြေသားများမှာ အောက်သို့ ၃ ပေခန့် နိမ့်ဆင်းကာ ကလိုင်ပေါက်များဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့က ယခင်ဖြစ်ပွားခဲ့သည့်အပေါ်ပိုင်းတွင် ပေ ၁၀၀ ခန့်မြေသားများ ၁ ပေခန့် ထပ်မံကျွံကျလာသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဆည်ဘောင်မြေသားကျွံကျမှုမှာ စက်တင်ဘာလ ၃ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် တလ အတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ထပ်မံမကျွံကျစေရန် ဆည်ဘောင်အခြေကို မြေသားများဖို့ ခြင်းဖြင့် ယာယီပြုပြင် ထိန်းသိမ်း ပေး နေပြီး လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အခိုင်အမာ ပြန်လည်တည်ဆောက် ပေးသွားမှာဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုဦးစီဋ္ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်လွင်ထွန်းက ပြောသည်။
“ကျနော်တို့အနေနဲ့ (ဒေသခံတွေကို) စိတ်မပူပါနဲ့လို့ပဲပြောချင်တယ်။ ကျနော်တို့ဒါတွေကို လုပ်နေပါ တယ်။ နားမလည် တဲ့လူကတော့စိတ်ပူမှာပဲ။ ကျနော်တို့ (ဆွာဆည်လို့မဖြစ်ဖို့) အာမခံပါတယ်၊ အာမခံ ပါတယ်။ ဒီဟာက ဆွာမှာရှိတဲ့ ရေပိုလွှဲကိစ္စနဲ့ ဘာမှမတူပါဘူးခင်ဗျ။ တမံကြီးရဲ့အတိုင်းအတာနဲ့ အခုဖြစ်တဲ့ဟာနဲ့ ယှဉ်ကြည့်ရင် သိပါတယ်” ဟု ၎င်းက ပြောသည်။
ရေလွတ်နိုင်မည့် နေရာကုန်းမြင့်များသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ကျေးရွာများမှာ တံခွန်တိုင်၊ မောင်းမလုပ်၊ ဆင်တဲ၊ ဆင်ဉာဏ်၊ ရွာမထုံး၊ ကျားသေ၊ အလယ်ရွာနှင့် ရေပြင်းမြို့လှရွာများဖြစ်ပြီး၊ ရွာသားအများစုမှာပြောင်းရွှေ့ခဲ့ကြပြီး မပြောင်းရွှေ့သူတချို့လည်း ဆက်လက်နေထိုင်သူများလည်း ရှိကြောင်း ဒေသခံများကပြောသည်။
“ဘေးလွတ်ရာပြောင်းနေရတာပဲ၊ ကျန်တဲ့လူတွေလည်း အခုပြောင်းကုန်ကြပြီ၊ ရွာကလူတွေ လွှတ်ပြီး ဆည်ကိုစောင့်ကြည့် နေကြတယ်။ ကျနော်တို့မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြထားပါတယ်။ ဥသြဆွဲ ဖို့နဲ့ ကြားနိုင်တဲ့ဟာ တခုခုနဲ့ အသိပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။” ဟု တံခွန်တိုင်ရွာမှ ဦးခင်စိုးသိန်းက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများအား ကျန်းမာရေး၊ နေရေးထိုင်ရေးများ အကူအညီရရှိစေရန် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသ ကြီးအစိုးရများထံအကူအညီတောင်းခံထားပြီး အမြန်ဆုံးကူညီဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူးမြင့်က ပြောသည်။
အဆိုပါ မြေကျွံကျမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ စက်ယန္တရား ကြီး များဖြင့် အမြန်ဆုံးပြင် ဆင်ဆောင်ရွက်နေပြီး စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဒေသခံများအား ပြောဆိုထားသော် လည်း ကုန်းမြင့်ရာနေရာ များသို့ ပြောင်းရွှေ့သူများ တိုးလာဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ရက်နေ့ နံနက်စောစောပိုင်းက ပဲခူးတိုင်း အရှေ့ခြမ်းရှိ ဆွာချောင်း ရေလှောင် တမံ ရေပိုလွှဲ ကျိုးကျခဲ့ရာ လူပေါင်းသောင်းချီ၍ ရေဘေးသင့်ခဲ့ရသလို ရေတာရှည်မြို့နယ်အပါအဝင် တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ပျောက်ဆုံးသူ ၃ ဦး၊ ရေဘေးသင့်ပြည်သူ ၅သောင်းကျော် ရှိခဲ့ပြီး၊ ရေတာရှည်မြို့နယ်တွင် နေအိမ် ၁၈၅ လုံး လုံးဝပျက်စီး၍ နေအိမ် ၃၂၂ လုံးနှင့် ဘုန်းကြီးကျောင်း ၁၀ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။