သတင်း

ကြံ့ခိုင်ရေးပါတီ ရွှေဘိုခရိုင် ဥက္ကဋ္ဌအား အရေးယူပေးရန် တရားရုံးဦးတိုက်လျှောက်

Want create site? Find Free WordPress Themes and plugins.

ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးစိုးအေးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူပေးရန် စက်တင်ဘာ ၁၇ ရက်နေ့က ရွှေဘိုမြို့နယ် တရားရုံး သို့ဦးတိုက်လျှောက်ထားကြောင်း ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတာဇံက ပြောသည်။

ဦးစိုးအေးအနေဖြင့် စက်တင်ဘာ ၈ ရက်နေ့က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် ဒေသခံအချို့နှင့် တွေ့ဆုံရာ၌ နိုင်ငံတော် အထိတ် တလန့်ဖြစ်စေမှု၊ လူမျိုးရေးခွဲခြား ဟောပြောမှုများ ပြုလုပ်ခဲ့သည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးအနေဖြင့် တရားလိုပြု လုပ်ကာ အရေးယူဆောင်ရွက်ပေးရန် စက်တင်ဘာ ၁၄ ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းအောင် က စာပေးပို့ခဲ့ခြင်းဖြစ်ကြောင် သိရသည်။

ရဲမှူးတာဇံက “ ဒီအပေါ် ဘာမှတော့ အထွေအထူးပြောစရာမရှိပါဘူး၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက တရားလိုလုပ်ပေး ဖို့ ပြောလာလို့ တရားလိုအနေနဲ့ အမှုဖွင့်တာပါ၊ အမှုမဖွင့်ခင် ကတည်းက ကျနော်ခွင့်ယူထားတာပါ” ဟုပြောသည်။

တရားရုံးဦးတိုက်လျှောက်ထားမှုတွင် “ရခိုင်တွင် ကျောင်းဆရာမလေးတဦးအား ဘင်္ဂါလီများမှ မတရားကျင့်ကြံခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီများ နေထိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်များ၊ ကွန်ကရစ်လမ်းများ၊ ရေမီးအစုံ ဆောက်လုပ်ပေးထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှလည်း နေအိမ်အလုံး ၈၀ ခန့် တာဝန်ယူ ဆောက်လုပ်ရကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်ရန် ဘင်္ဂါလီ ၄၀၀၀ ဦးခန့်အား ဒေါ်အောင်ဆန်းစုကြည်မှ ခေါ် ယူကာ နေထိုင်ခွင့် ပေးထားကြောင်း၊ ဘင်္ဂါလီလူမျိုးအား ခေါ်သွင်းလာပါက ဘင်္ဂါလီတိုင်းပြည်ဖြစ်တော့မှာပဲ” ဟု ဦးစိုးအေးက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ က “စည်းရုံးရေးဆင်းမယ်ဆိုလဲ ကိုယ့်ဟာကို ရိုးရိုး သားသားဆင်းရင်ရတာပဲ၊ တဖက်သားကို ပုတ်ခတ်ပြီးပြောတာတို့၊ နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်ပြီးမှ ဘာ သာရေးနဲ့လှုံ့ဆော်တာမျိုးတွေက အောက်လုံးတွေပေါ့ဗျာ၊ မကောင်းပါဘူး၊ ကျနော်တို့လဲ မတိုက်ခိုက်ပါဘူး၊ လက်ရှိတိုင်း ပြည်အခြေအနေကို တည်တည်ငြိမ်ငြိမ်ပဲ ကျနော်တို့က ဖြတ်သန်းချင်ပါတယ်” ဟု ပြောသည်။

တရားရုံးဦးတိုက်လျှောက်ထားခံသည်မှာ မှန်ကန်သော်လည်း မိမိတို့ထံသို့ တရားဝင်အကြောင်းကြားခြင်း၊ ခေါ်ယူမေးမြန်း ခြင်းများ မရှိသေးကြောင်း ရွှေဘိုခရိုင် ကြံ့ခိုင်ရေးပါတီ ကော်မတီဝင် ဦးအောင်စိုးဝင်းက ပြောသည်။

ဦးအောင်စိုးဝင်က “ တရားရုံးက ဘာမှခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ မရှိသေးတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး သုံးသပ်ပြော ဖို့တော့ စောပါသေးတယ်” ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီဗဟိုအနေဖြင့် တရားရုံးတွင် ဦးတိုက်လျှောက်ထားခံရသည့် ဦးစိုးအေးဘက်မှ တရားဥပဒေနှင့်အညီ ရပ်တည်လုပ်ဆောင် သွားရန် အထောက်အထားများ အပြည့်အစုံရရှိထားပြီး နိုင်ငံရေးသမားတဦးအနေဖြင့်လည်း နိုင်ငံကောင်းစားရေးအတွက် အစိုးရ၏လွဲမှားမှုများအား ဝေဖန်ထောက်ပြရမည်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ပြောသည်။

ဒေါက်တာနန္ဒလှမြင့်က “ ဥပဒေနဲ့အညီပဲ တရားရင်ဆိုင်ဖို့ လုပ်သွားမှာပါ၊ ပါတီအနေဖြင့် ဦးစိုးအေးအပေါ် တစုံတရာ အရေးယူဖို့လည်း မရှိပါဘူး” ဟု ပြောသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ၂ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading