သတင်း

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လိုင်ဇာဆွေးနွေးပွဲ

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ကြရန် စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်ထိ အစည်းအဝေးတရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အစိုးရနှင့် အပစ်မရပ်ထားသည့် KIA၊ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP)၊ အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အဖွဲ့အစည်းအသီးသီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ကြုံတွေ့နေရသည့် အခြေအနေများ ပြန်လည်ရှင်းပြခြင်း နှင့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သို့ ပူးပေါင်း ဆောင်ရွက်ကြမည်လဲဆိုသည့် ခေါင်းစဉ် နှစ်ခုအောက်တွင် အဓိက ဆွေးနွေးခဲ့ကြသည်ဟု KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ အလွတ်သဘော ဆွေးနွေးကြတဲ့ ပွဲ ဖြစ်ပါတယ်။ တစုံတရာ သတ်မှတ်ချက်တွေ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အစည်းအဝေးတော့ မဟုတ်ဘူး။ အလွတ်သဘော ဆွေးနွေးတဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေးတွင်း ဆွေးနွေးမှုများနှင့် ပတ်သတ်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း၊ ကြေငြာချက် ထုတ်ပြန်ခြင်းများ မရှိပါ။

အစည်းအဝေးတွင် KIO/KIA ဗဟိုကော်မတီဝင်များ၊ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ NMSP ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ ၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနှင့် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်တို့ ပါဝင် ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIA သည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့နှင့် အတူ ပူးပေါင်းကာ NCA မဟုတ်သည့် အပစ်ရပ်စာချုပ်သစ်တခုကို ထိုးနိုင်ရန် အစိုးရထံ တောင်းဆိုထားသည်။

KNPP သည် NCA ထိုးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။

KNU၊ NMSP နှင့် CNF တို့သည်လည်း NCA ထိုးပြီးနောက် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေး များတွင် ပါဝင်ဆွေးနွေးကာ မြေပြင်တွင် ပြန်ဖြစ်သည့် ပဋိပက္ခများနှင့် NCA ထိုးပြီးနောက် မပြေလည်သည့် ပြဿနာများကို ဖြေရှင်းရေး အစိုးရနှင့် ညှိနှိုင်းရန် ဆောင်ရွက် လျက်ရှိသည်။

KNU ၊ NMSP နှင့် CNF တို့ အပါအဝင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တို့သည် ၎င်းတို့ အဖွဲ့အသီးသီးမှ ထိပ်သီး ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

PPSTသည် ၎င်းတို့ အပစ်ရပ်အဖွဲ့နှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ တွေ့ဆုံကာ ထိပ်သီးညီလာခံတခု ကျင်းပရန် မူတရပ်ချထားသည်။

ယခု လိုင်ဇာအစည်းအဝေးတွင် ပါဝင်သည့် KNU၊ NMSP နှင့် CNF တို့သည် PPST ကိုယ်စား သွားရောက်ခြင်း မဟုတ်ပဲ မိခင်အဖွဲ့ တဖွဲ့ချင်းစီ၏ သဘောထားဖြင့် သွားတတ်ရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “ တဖွဲ့ချင်းစီအနေနဲ့ သွားကြတာ ဖြစ်လိမ့်မယ်။ PPST အနေနဲ့ သွားတာ မဟုတ်ဘူး။ ထိပ်သီးညီလာခံလို တွေ့ဖို့ဆိုတာကိုတော့ PPST မှာ စဉ်းစားချက်တွေ ရှိပါတယ်။ အခု သွားတာတော့ ကျမလည်း မသိလိုက်ပါဘူး”ဟု ပြောသည်။

ပြည်တွင်းစစ်ကို အပြီးသတ်ရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ရေးအတွက် အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရန် လိုအပ်ကြောင်း၊ အားလုံး မပါဝင်နိုင်သေးပါကလည်း မည်သို့ ညှိနှိုင်းဆောင်ရွက်ကြမည်ကို ယခု လိုင်ဇာ အစည်းအဝေးတွင်လည်း ဆွေးနွေးလိမ့်မည်ဟု သုံးသပ်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading