သတင်း

မြန်မာ့ ဥပဒေများနှင့် စိုးရိမ်မှုများကို အလေးထားရန် တရုတ်ကို NLD တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စီမံကိန်းများ အကောင်အထည်ဖော်သောအခါ ပြည်သူများ၏ ပူပန်မှုများကို အလေးထားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌက မကြာသေးမီက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်စဉ် တရုတ် အာဏာပိုင်များကို ပြောကြားလိုက်ကြောင်း သတင်းထုတ်ပြန်ချက် တစောင်အရ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော ထိုကြေညာချက်အရ ဦးဇော်မြင့်မောင်က တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာ ဆက်သွယ်ရေး အရာရှိချုပ် မစ္စတာ စောင်တောက်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် မြန်မာဥပဒေများကို လေးစားရန်၊ ပြည်တွင်းအလုပ်အကိုင် ဖန်တီးရန်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ငြိမ်းချမ်းရေးကို အလေးထားရန် တိုက်တွန်း ခဲ့သည်ဟု သိရသည်။

CPC သည် နှစ်နိုင်ငံ အာဏာရပါတီများအကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန် ဦးဇော်မြင့်မောင်နှင့် NLD ထိပ်တန်းအရာရှိများကို ဘေဂျင်းသို စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ၉ ရက်ကြာ ဖိတ်ကြားခဲ့သည်။

ထိုကိုယ်စားလှယ်အဖွဲ့တွင် မန္တလေးနှင့်မကွေးတိုင်းများမှ ဝန်ကြီးချုပ်နှစ်ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခြောက်ဦး၊ အရန် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် လေးဦး၊ ဗဟိုစီးပွားရေး ကော်မတီဝင် နှစ်ဦးနှင့် ဗဟိုပြန်ကြားရေး ကော်မတီဝင်တဦး အပါအဝင် စုစုပေါင်း ဗဟိုကော်မတီဝင် ၁၈ ဦး ပါဝင်သည်။ ထိုကိုယ်စားလှယ်များအနက် ငါးဦးမှာ တခြား ပါတီထိပ်တန်း ရာထူးများတွင် ထမ်းဆောင်ခြင်း မရှိကြပေ။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်သော်လည်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများသည် အငြင်းပွားဖွယ် ဖြစ်နေသည်။ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးမှာ လူမှုဘဝများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများအပေါ် လူထုက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်လာသောကြောင့် ၂၀၁၁ ခုနှစ်က ဆိုင်းငံ့ခဲ့ရသည့် ကချင်ပြည်နယ်မှ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် CPC ၏ ဝါဒဖြန့်ချိရေးဌာန အကြီးအကဲနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဟွောင်ကမ်မင်း နှင့်လည်း တွေ့ဆုံခဲ့သည်။

“နှစ်ဖက်စလုံးက ပါတီဖွဲ့စည်းပုံနဲ့ စည်းမျဉ်းတွေကို ဆွေးနွေးကြတယ်” ဟု ထိုခရီးစဉ်တွင် လိုက်ပါသွားသော NLD ပြောခွင့်ရသူ ဦးမျိုးညွန့်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

CPC သည် NLD ကိုယ်စားလှယ်များကို ယန်ဇီမြစ်ပေါ်ရှိ မီဂါဝပ် ၂၂၅၀၀ ထုတ်လုပ်သော ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရာ Three Gorges ဆည်သို့ အလည်အပတ် ပို့ဆောင်ခဲ့သည်။

ထိုရေအားလျှပ်စစ် ဆည်သည် လူ ၁.၃ သန်းကို နေရာရွှေ့ပြောင်းစေပြီး မြေပြိုခြင်း အပါအဝင် ကြီးမားသော အန္တရာယ်များကို ဖြစ်ပွားစေကာ ပြည်တွင်းပြည်ပတွင် အငြင်းပွားမှုများ ဖြစ်စေသော်လည်း တရုတ်နိုင်ငံကမူ ထိုစီမံကိန်းသည် လူမှုနှင့် စီးပွားရေး အောင်မြင်မှုအဖြစ် သတ်မှတ်သည်။

“ဒီဆည်ကို တည်ဆောက်တုန်းက သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို တရုတ်အရာရှိတွေက ရှင်းပြတယ်။ ဒေသခံ တွေရဲ့ကန့်ကွက်မှုကို သူတို့ ဘယ်လိုဖြေရှင်းရတယ် ဆိုတာကို ရှင်းပြတယ်” ဟု ဦးမျိုးညွန့်ကပြောသည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းတခု လမ်းတခု စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို မကြာသေးမီက လက်မှတ်ရေးထိုး ခဲ့ကြသည်။ ရပ်ဝန်းတခု လမ်းတခု စီမံကိန်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် နိုင်ငံပေါင်း ၇၀ ခန့်ကိုဖြတ်သန်ပြီး တရုတ်နှင့် ဥရောပကို ဆက်သွယ်ရန် လမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်း ကွန်ရက်များ တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။

တရုတ်နှင့်မြန်မာနိုင်ငံတို့သည် အိန္ဒိယ သမုဒ္ဓရာကို တရုတ်နိုင်ငံက အသုံးပြုနိုင်ပြီး မလက္ကာ ရေလက်ကြားကိုမသုံးဘဲ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းနိုင်မည့် ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး သဘောတူညီချက်များကိုလည်း မကြာသေးမီက ပြန်လည်ညှိနှိုင်းခဲ့ကြသည်။

တချိန်တည်းတွင် မြစ်ဆုံဆည်ကို တည်ဆောက်နေသော တရုတ်ကုမ္ပဏီသည် စီမံကိန်း ပြန်လည် စတင်ရေးအတွက် ကချင်ပြည်နယ်မှ အာဏာပိုင်များနှင့် ဒေသခံများကို စည်းရုံး လုပ်ဆောင်နေသည်။ ယခုနှစ်ကုန်တွင် ထိုကုမ္ပဏီနှင့် မြန်မာနိုင်ငံအကြား စီမံကိန်းပြန်စရန် သဘောတူညီမှုသစ်များ ရရှိမည်ကို ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက စိတ်ပူနေကြသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို CPC အရာရှိများက NLD ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့သော်လည်း မြစ်ဆုံဆည်အကြောင်း ပြောကြားခြင်းမရှိပေ။

“သူတို့ရဲ့ လက်ရှိစီမံကိန်းတွေအကြောင်း၊ မြစ်ဆုံဆည်အကြောင်း ကျနော်တို့ ဘာမှ မပြောဘူး။ ကျနော်တို့က ပါတီကို ကိုယ်စားပြုပြီး သွားတာ။ အစိုးရကို ကိုယ်စားပြုပြီး သွားတာမဟုတ်ဘူး” ဟု ဦးမျိုးညွန့်က ပြောသည်။

တရုတ်နိုင်ငံ၏အခွန်စနစ်၊ နိုင်ငံတကာဆက်ဆံရေး၊ ကျေးလက်၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများကိုလည်း မြန်မာ ကိုယ်စားလှယ်များကို တရုတ်အာဏာပိုင်များက ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

(NLD Urges China to Respect Local Laws, Concerns on Beijing Trip ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading