သတင်း

ဘင်္ဂလားဒေ့ရှ် သို့ တိမ်းရှောင်သွားသူ ၄ ထောင်ကျော် စတင်လက်ခံရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တိမ်းရှောင် သွားသူများတွင် လူဦးရေ ၄ ထောင်ကျော်ကို ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် လုပ်သား ဈေးကွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လက သွားရောက်ခဲ့သော မြန်မာ အစိုးရ ပြည်ထဲရေး ဝန်ကြီး၏ ခရီးစဉ်တွင် ကနဦး ပြန်ပို့ရန် အတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လိုက်သော လူဦးရေ ၈၀၀၀ စာရင်းထဲမှ မြန်မာဘက်မှ စိစစ်ပြီး ဖြစ်သည့် ၄ ထောင်ကျော် စာရင်းကို စတင် လက်ခံမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် အကြောင်းပြန်ထားပြီး ဖြစ် ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက“မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ဖူးတဲ့ စာရင်း ၄၀၀၀ ကျော်လောက် ရနေပါပြီ။ အဲဒီ စာရင်းတွေ ဟိုဘက်ကို ပို့ပြီးတော့မှ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထား အခိုင်အမာ ရှိ ရင် လက်ခံမယ် ဆိုတာ အကြောင်းပြန်ထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခ သည်များ နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြ လျက် ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အဆင်သင့် ပြင်ထားသော်လည်း လက်ရှိ အချိန် အထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူ လူဦးရေ ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံသို့ စတင် လွှဲပြောင်း ပို့ဆောင် တော့မည် ဖြစ်ကြောင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြောကြားထားသည်။

ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြန်လည် လက်ခံမည့် ကိစ္စမှာ တိုင်းရင်းသားများကို အကြမ်းဖက်၍ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးပြီး တဖက်နိုင်ငံသို့ ထွက်ပြေးသွား ခြင်းကြောင့် ၎င်းတို့တွင် အပြစ်ရှိသဖြင့် မလာခြင်းဟု မြင်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “နိုင်ငံတကာ ဖိအားနဲ့ ဒီအစိုးရက လာပါ လာပါ တစာစာ ခေါ်နေတာဟာလည်း အဓိက လုပ်ရမယ့် အလုပ်မဟုတ် ဘူး။ ဒီလိုပဲ မြင်တယ်။ လက်နက်ကိုင်ထားတဲ့ လုံခြုံရေး စခန်းတွေကိုတောင်မှ ဝင်သိမ်းတယ် ဆိုတော့ ဒေသခံတွေ အကုန် ကြောက်ပြီး ထွက်ပြေးရတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ဒေသမှာ လူတွေ မရှိသလောက် ဖြစ်နေပြီ”ဟုလည်း ဆို သည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်သွားသည့် နေရပ် စွန့်ခွာသူများအား စိစစ် လက်ခံပြီး ပြန်လည် နေရာချထားရန်၊ ပြန်လည်ထူထောင် ပေးရန် စနစ်တကျ ကြိုတင်ပြင် ဆင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းကိုလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၁၉ ရက် က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေး တိမ်းရှောင်သူများအား ယခုနှစ် ဇန်နဝါ ရီ ၂၃ ရက်တွင် စတင်ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် မြန်မာ – ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ သဘောတူညီ ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရ်ှသို့ ရောက်ရှိသွားသူ ၆ သိန်းကျော် ရှိကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြမှုများ ရှိသော် လည်း မြန်မာအစိုးရဘက်က ယင်းအရေအတွက်နှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်း မပြုဘဲ အထောက်အထားနှင့် ဥပဒေများ အရ လက်ခံသွားမည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သူများကို ပြန်လည် လက်ခံရာတွင် နှောင့်နှေးမှုများ ရှိနေသဖြင့် နိုင်ငံတကာ အသိုင်း အဝိုင်းက ဖိအားပေးလျက် ရှိနေချိန်တွင် စက်တင်ဘာ ၁၈ ရက်က ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အစည်း အဝေးတွင်လည်း ယင်းအကြောင်းအရာကို ဆွေးနွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးရာတွင် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နေရပ် ပြန်လိုသူများကို ပြန် လည် ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရ်ှ ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံအား ဖိအားပေးရန် မလိုအပ်ကြောင်း၊ စိစစ်ပြီး၍ နေရပ်စွန့်ခွာသူများကို လက်ခံရန် အသင့်ရှိကြောင်း၊ ပြန်လည် နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံရေး အထောက် အကူပြုရန် မြန်မာ အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ရှင်းပြခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading