ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက အင်းလေးကန် မြေဧက ၉၀ ပေါ်တွင် ဟိုတယ်တခု ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခဲ့ပြီး ယင်းနေရာကို မူလ အတိုင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော နေရာပြန်လည်ပြုလုပ်ရန် တောင်းဆိုချက်အပါ် အစိုးရက ထောက်ခံလိုက်သည်။
အစိုးရ ဝန်ကြီးဌာနတခုဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမျိုးသား လွှတ်တော်၊ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ ပြန်ကြားသည့်စာတွင် ဒေသခံများ၏ ထောက်ခံချက်ဖြင့် “ဘေးမဲ့ တော” ပြုလုပ်ရန် သင့်လျော်ကြောင်း ထောက်ခံပေးခဲ့ခြင်းဖြစ်သည်။
ယင်းစာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး ရှမ်းပြည် နယ် အစိုးရနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီကလည်း ထောက်ခံမှု လိုကြောင်း ဖော်ပြထားသည်။

ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က “အဲဒီပြန်စာအရဆိုရင် ကျနော်တို့က မြို့နယ်က ဌာနဆိုင်ရာတွေနဲ့ မြေလွတ် မြေလပ်ကနေ သဘာဝဘေးမဲ့တောအဖြစ် ပြန်လုပ် မလား၊ မြေလွတ်မြေလပ်အတိုင်းပဲ ထားမလားဆိုတာ ရှမ်းပြည်နယ် အစိုးရကိုတင်၊ ပြည်နယ် အစိုးရကနေ ပြည်ထောင်စု အစိုးရ ကိုတင်ပြီး ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသအတွင်းရှိ မိုင်းသောက် ကျေးရွာ အုပ်စု၊ သကြားစက်ကွင်း အတွင်း မြေဧရိယာ ၉၀ ပေါ်တွင် ယင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် ယခုလအတွင်း မြေအသုံးချခွင့် လေ ျှာက်ထားလာ ခြင်းကို ဒေသခံ ၄၀၀၀ ကျော်က လက်မှတ်ရေးထိုး၍ ကန့်ကွက်ခဲ့၍ ယခုလို အခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးနေမျိုး က “ဧက ၉၀ က ၂၀၁၁ ခုနှစ်ကတည်းက သဘာဝနယ်မြေကနေ မြေလွတ်၊ မြေရိုင်းအဖြစ် ထုတ်ပြီး ယူလိုက်တာပေါ့။ ၂၀၁၆ မှာ ကျနော်တို့ကို အာဏာလွှဲပြီးကာစမှာ တခါ သူတို့ဆောက်ဖို့ ကြိုးစားသေးတယ်။ အဲဒီတုန်းက ဘယ်သူရယ်လို့လဲ မသိဘူး။ အင်း ကမ်းစပ်မှာတော့ ဥပဒေအရ ဟိုတယ် ပေးမဆောက်တော့ဘူးလေ။ အင်းလေးကန်က ကောတော့မှာ။ အဲဒီတုန်းက တခါတော့ ရပ်သွားတယ်” ဟု ရှင်းပြသည်။
ထို့ကြောင့် ဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အပါ အဝင် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ တင်ပြခဲ့ကြောင်း သိရသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဧရိယာအတွင်းသို့ ကျရောက်နေသဖြင့် ဟိုတယ်ဆောက်လုပ်ခွင့်အတွက် ဘေးမဲ့ တောမှ ပယ်ဖျက်ပေးခဲ့သည့် ဆုံးဖြတ်ချက်ကို သမ္မတ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်း အဝေးက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမျိုးသား လွှတ်တော် လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ တင်ပြသည့် စာတွင် ဖော်ပြထားသည်။
ယင်း ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလသည် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသော်လည်း အာဏာ မလွှဲရသေးဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ၂၀၁၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့ မိန့်ခွန်းကို တက်ရောက်ပြောဆိုခဲ့သေးသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ Myanmar Naing Group သို့ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
ဒေသခံများက ကန့်ကွက်စာ တင်ပြခဲ့သဖြင့် ရှမ်းပြည်နယ်လွှတ်တော်မှ ကေ်ာမတီ ၂ ခု ဖြစ်သည့် လယ်ယာမြေ ပြန်လည် စိစစ်ရေး ကော်မတီ၊ သံယံဇာတနှင့် လျှပ်စစ်ရေးရာ ကော်မတီတို့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဖြေရှာခဲ့ ကြောင်း၊ ဒေသခံများက ဟိုတယ်စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး အင်းလေးကန် တိမ်ကောသွားမည်ကို စိတ် ပူလျက်ရှိကြောင်း ဒေသခံတဦးဖြစ်သူ ကိုထိန်က ပြောသည်။

ကိုထိန်က “သူတို့(ကုမ္ပဏီ) ဝယ်ထားတဲ့ ဝန်းထဲမှာတော့ ဘန်ဂလိုကြီး ၃ လုံးနဲ့ ဂိုဒေါင်ကြီးတလုံး ဆောက်ထားတာတော့ ရှိတယ်။ လယ်နဲ့ ခြံ ကို အင်းလေကန်ထဲမှာ မဟုတ်ဘဲ မြေလွတ်၊ မြေလပ်ထဲမှာ အဆောက်အဦ ဆောက်ထားတာ ရှိတယ်။ ဧက ၉၀ ထဲမှာ မဟုတ် ဘူး။ ဧက ၉၀ ထဲမှာ ဘာလုပ်ထားသလဲဆိုတော့ ဧရိယာ သတ်မှတ်ပြီးတော့ အလံတွေ ထောင်ထားတယ်။ ရေလမ်းတွေ တူးထားတွေ တွေ့ရတယ်” ဟု ပြောသည်။
အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံးအထိ ရှိနေပြီး ယခင် ခေတ်အဆက်ဆက်က ကန့်ကွက်ခွင့် မရခဲ့၍ မပြော နိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းနေရာများမှာလည်း မြေသိမ်းဆိုင်ရာ ကိစ္စများနှင့် အချင်းများနေဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွက်လည်း ဧက ၆၀၀ ကျော် ရှိပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျနော်တို့ဘက်ကလည်း သူတို့ကို ချောင်ပိတ်ရိုက်တယ်လို့ ထင်မှာဆိုးလို့ မြို့ တိုးချဲ့ ၊ ရွာတိုးချဲ့တွေတော့ လုပ်နေပြီလေ။ ရေထဲ မှာကြတော့ ချဲ့ဖို့က မလွယ်တော့ဘူးဗျ။ အင်းလေးကန်ရဲ့ ခံနိုင်ဝန်နဲ့ မရတော့ဘူး။ ကျနော်တို့က လူပုဂ္ဂိုလ်ကြောင့်လုပ်တာ မဟုတ် ဘူး။ နောက်မှ သိတာ။ Naing Group က ဘယ်သူပိုင်သလဲ။ ဘာညာဆိုတာကလေ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ပြောသည်။
ယင်းနေရာသည် အင်းလေးကန်၏ အလယ်ပိုင်းနေရာတွင် တည်ရှိပြီး ကန်၏ Filter ကြီးတခုဟု ပြောနိုင်ကြောင်း၊ ရေရှိသည့် အချိန် တွင် ရေများကို စုပ်ယူထားပြီး ရေမရှိချိန်တွင် ပြန်ဖြည့်ပေးသည့် နှုန်းထိန်းသည့် နေရာကြီးဖြစ်သောကြောင်း ဟိုတယ်များ၊ လူနေ ထိုင်များ တိုးချဲ့လာမည်ကို ကန့်ကွက်နေရခြင်း ဖြစ်ကြောင်း၊ လူနေထိုင်မှုများကိုလည်း တရားစွဲလျက်ရှိကြောင်း ဒေသခံများက ပြောပြသည်။
အင်းလေးကန်ဒေသတွင် အင်းသားလူမျိုးက အများဆုံးဖြစ်ပြီး ရှမ်း၊ ပအိုဝ့်နှင့် တောင်ရိုးတို့ နေထိုင်ကြကြောင်း၊ လူဦးရေ ၂ သိန်း ကျော် ရှိကြောင်း၊ ကန်ကို ၁၉၈၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဧရိယာ ၂၄၇ မိုင် ကျယ်ဝန်းကြောင်း သိရှိရသည်။
ဆက်စပ်ဖတ်ရှုရန် – ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသား ဟိုတယ် အစီအစဉ် ကန့်ကွက်မှုများရှိ