သတင်း

မလေးရှား၌ အရက်အဆိပ်သင့်မှု ၂၁ဦးသေဆုံး၊ လူတဒါဇင်ခန့် ဆေးရုံတင်ရ

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံတွင် ဖြစ်ပွားသည့် အရက်အဆိပ်သင့်မှုတွင် အနည်းဆုံး ၂၁ဦး သေဆုံးကာ လူ တဒါဇင်ကျော် ဆေးရုံသို့ တင်ပို့ကာ ကုသထားရပြီး၊ အများစုမှာ အာရှနိုင်ငံများမှဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

မွတ်စလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံတွင် အရက်ကို အခွန်နှုန်းမြင့်မားစွာကောက်ခံသဖြင့် ဈေးပေါ၍ အိမ်တွင် ချက်သည့် အရက်များသည် ဆင်းရဲနွမ်းပါးသူများ၊ ရွှေ့ပြောင်းလုပ်သားများကြား တွင် သောက်သုံးမှုများပြားသည်။

မြို့တော် ကွာလာလမ်ပူနှင့် စီလန်ကာပြည်နယ်တဝိုက်တွင် မက်သနောအဆိပ်သင့်မှုပေါင်း ၅၇ မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး ဒီလက်ဖလိုင်းအာမက်က ပြောသည်။

“ကုသရမယ့်လူနာတွေ ပိုများလာတဲ့အတွက် အမှုအရေအတွက်လည်း ပိုတိုးလာမယ်လို့ ထင်ပါတယ်” ဟု ပူထရာဂျာ ယား အုပ်ချုပ်ရေးမြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ရှင်းပြခဲ့သည်။

အရက်ချက်လုပ်ရာတွင်သုံးသည့် အယ်လ်ကိုဟောဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် မက်သနောသည် ပမာဏ အနည်းငယ် ထည့်သုံးလျှင် ဘေးဥပါဒ် မဖြစ်သော်လည်း ပြင်းအားများပြားလျှင် သေစေနိုင်သည်။

အရက်အဆိပ်သင့်သူများအနက် ၅ ဦးမှာ မလေးရှားလူမျိုးများဖြစ်ပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် နီပေါတို့မှ လာရောက်သူများဖြစ်ကြောင်း ဝန်ကြီး ဒီလက်ဖလိုင်း အာမက်က ဖြည့်စွက်ပြောသည်။

ခွင့်ပြုထားသည့် မက်သနောပမာဏထက် လွန်ကဲစွာထည့်သွင်းချက်လုပ်ထားသော အရက်နမူနာ အချို့ကို ရှာဖွေနိုင်ရေး အတွက် အရက်အမှတ်တံဆိပ်အများအပြားကို အာဏာပိုင်များက စစ်ဆေး ခဲ့ရကြောင်း သူကဆက်ပြောသည်။

“ချက်အရက်တွေ အစုလိုက်အပြုံလိုက် ထပ်ရောက်လာမှာကို ကျနော်တို့ စိုးရိမ်နေပါတယ်။ လူတွေက ဈေးပေါပေါနဲ့ အရက်ပြင်းတွေ ဝယ်သောက်ပြီး အပန်းဖြေနေကြတယ်” ဟု ဒီလက်ဖလိုင်းက ဆိုသည်။

သောက်သုံးရန်မသင့်သည့် ယမကာအတုများ ချက်လုပ်၍ ရောင်းဝယ်ဖောက်ကားနေမှုများကို တားဆီးနှိမ်နင်းရန်အတွက် မလေးရှားရဲက နေရာ ၁၂ နေရာသို့ ဝင်ရောက်စီးနင်းကာ ဝီစကီနှင့်ဘီယာ ပုလင်း၊ သံဗူးပေါင်း ၃၀၀၀ နီးပါးကို သိမ်းဆည်းပြီး လူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း စီလန်ကာရဲချုပ် မဇလန်မန်ဆာက ကြေညာချက်တစောင်တွင် ဆိုထားသည်။

ထောင်ဒဏ် ၁၀ နှစ်၊ ငွေဒဏ်(သို့မဟုတ်) ယင်းဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် လူသေဆုံးစေသည့် ပြစ်မှုများကို ရဲက စုံစမ်းစစ်ဆေးလျက်ရှိသည်။

အလားတူ မွတ်စလင်အများစုနေထိုင်ရာ အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံတွင်လည်း ခြင်နှိမ်နင်းသည့် ဓာတုဆေးများပါဝင်သည့် ချက်အရက်များ သောက်သုံးမိ၍ လူ ၅၀ ကျော်သေဆုံးခဲ့ရသည့်ဖြစ်စဉ်တခု ဧပြီလက ဖြစ်ပွားခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading