၁၉၈၈ ခုနှစ် နိုင်ငံတဝန်း ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်းဖြစ်ပွားသော အကြမ်းဖက်မှုများကို ဖေါ်ပြထားသော သွေးပျက်စရာ “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်”ဟူသော မှတ်တမ်း ရုပ်ရှင်ကို တပ်မတော်က ပြသခဲ့ခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ် သုံး ခုက စစ်အာဏာသိမ်းခဲ့ခြင်းကို တရားဝင်အောင်လုပ်ဆောင်သည်သာမက နောက်တကြိမ် အာဏာသိမ်းရန်လည်း ခြိမ်းခြောက်မှုဖြစ်သည်ဟူသော ဝေဖန်မှုများကို အကျယ်အပြန့်ဖြစ်ပေါ်စေခဲ့သည်။
တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြားသည် ထို ၄၁ မိနစ်ကြာ ဗီဒီယိုကို စစ်အာဏာသိမ်းမှု နှစ် ၃၀ ပြည့်သည့် စက်တင်ဘာလ ၁၈ ရက်နေ့က အကြိမ်ကြိမ် ထုတ်လွှင့်ပြသခဲ့သည်။
ထိုရုပ်ရှင်သည် ၁၉၈၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်ဖြစ်ပွားသော အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနှင့်အုပ်စုဖွဲ့လုယက်မှုများကို အထူး တင်ဆက်ထားသည်။ အာဏာသိမ်းမှု မဖြစ်မီ ကာလအတွင်း နိုင်ငံကို ရပ်တန့်သွားစေခဲ့သော ၈၈ အရေးတော်ပုံဟုခေါ်သည့် နိုင်ငံတဝန်း ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပြီးတွင် အစိုးရသည် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။
ထို ရုပ်ရှင်၏ သွေးပျက်စရာ အကောင်းဆုံးအခန်းများတွင် အစိုးရ၏ သူလျှို သို့မဟုတ် တန်ပြန်တော်လှန်ရေးလုပ်သည်ဟု စွပ်စွဲခံရသောသူများကို လူမြင်ကွင်းတွင် သတ်ဖြတ်သည့် အခန်းများကို ပြသထားသည်။ အင်တာနက်တွင် ပျံ့နှံ့နေသော စာရွက်စာတမ်းများအရ ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးခင်ညွန့်က တန်ပြန်အကြမ်းဖက်ရေး လုပ်ကိုင်နိုင်ရန်အတွက် ထောက်လှမ်းရေး တပ်ဖွဲ့နှင့် သတင်းပေးများအားလုံးအနေဖြင့် လူထုအကြား ရှုပ်ထွေးမှုဖြစ်စေမည့် လုပ်ရပ်အားလုံး လုပ်ကိုင်ကြရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ ထိုအမိန့်ကို အကောင်အထည်ဖေါ်ရာတွင် အရာရှိများအနေဖြင့် အထူးလျှို့ဝှက် လုပ်ဆောင်ရန်လည်း ထိုအမိန့်တွင် ညွှန်ကြားထားသည်။ စစ်အာဏာသိမ်းမှု အပြီး ၂၇ နှစ်အကြာတွင် ထုတ်ဝေသည့် သူ၏ အထုပ္ပတ္တိစာအုပ်တွင်မူ ထိုစစ်ထောက်လှမ်းရေးအကြီးအကဲကမူ ထိုအမိန့်အကြောင်း တစုံတရာမျှ ထုတ်ဖေါ်ပြောဆိုထားခြင်း မရှိပေ။
ပြကွက်တခုတွင် လူတဦးကို သေသည်အထိ ဓားဖြင့် ထိုးပြီး ခေါင်းဖြတ်သည်ကို ပြသထားသည်။ ကျူးလွန်သူများက သတ်ဖြတ်ခံရသူ၏ ဦးခေါင်းကို ဒေါသထွက်နေသော လူအုပ်အား ပင့်မြှောက် ပြသခဲ့သည်။
ထိုရုပ်ရှင်သည် ထိုစဉ်က နိုင်ငံတကာ မီဒီယာမှ မြန်မာနိုင်ငံအကြောင်း ထုတ်လွှင့်သည့် ရုပ်သံသတင်းများမှ ထုတ်နှုတ်ထားကြောင်း ဇာတ်ကြောင်းပြောသူက ထို ရုပ်သံထဲတွင် ရှင်းပြသည်။ အာဏာသိမ်းပွဲအပြီး မကြာမီ ထိုဗီဒီယိုကို နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပထမဆုံးပြသခဲ့ဖူးသည်။
ဗီဒီယို အဆုံးပိုင်းတွင် ဇာတ်ကြောင်းပြောသူက စစ်တပ်က အာဏာသိမ်းခြင်း နှင့် ပတ်သက်ပြီး “တရားဥပဒေ စိုးမိုးရေး နှင့် နိုင်ငံအုပ်ချုပ်ရေးယန္တရား အလုံးစုံပျက်ဆီးပြီး လွတ်လပ်ရေး နှင့် အချုပ်အခြာ ဆုံးရှုံးရတော့မည့် အနေအထားကို ရောက်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ စည်းစိမ်နှင့် လုံခြုံရေးကို အစဉ် ဦးထိပ်ထားသည့် တပ်မတော် က တာဝန်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရတာဖြစ်သည်” ဟုပြောသည်။
ထိုဗီဒီယိုကို နှစ် ၃၀ ကျော်မှ ပြန်လည်ပြသရခြင်းအကြောင်းရင်း အတွက် ဇာတ်ကြောင်းပြောသူက “လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကဖြစ်ပွားခဲ့သော ဆိုးရွားခါးသီးသည့် အတွေ့အကြုံမျိုး ထပ်မံ မဖြစ်ပေါ်စေရန် မြန်မာပြည်သူများအနေဖြင့် အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်းရန် လိုအပ်” ဟု တိုက်တွန်းခဲ့သည်။ ရုပ်ရှင်၏ နိဒါန်းပိုင်းတွင်လည်း ၈၈ အရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် အကြမ်းတမ်းဆုံးနှင့် အရက်စက်ဆုံး လူထု ဆူပူ အုံကြွမှု ဟု ဇာတ်ကြောင်းပြောသူက ဆိုသည်။
ပြည်တွင်းပြည်ပမှ မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကမူ ထိုအရေးတော်ပုံကြောင့် ထိုစဉ်က အာဏာရှင် ဦးနေဝင်း အစိုးရ ပြုတ်ကျပြီး မြန်မာနိုင်ငံ ရရှိနေသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် လမ်းပွင့်သွားခြင်းဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူကြသည်။
ထို ရုပ်ရှင်ပါ ခေါင်းဖြတ်သည့် အခန်းများနှင့် ပတ်သက်ပြီး ဇာတ်ကြောင်းပြောသူ နောက်တဦးက စိတ်မခိုင်သူများ၊ မိန်းမများနှင့် ကလေးများအနေဖြင့် ထိုအခန်းများအတွက် သတိပေးစာပေါ်လာချိန်တွင် ဆက်လက် မကြည့်ရှုသင့်ကြောင်း အကြံပေးထားသည်။
ထိုရုပ်ရှင်ကို အာဏာသိမ်းပြီး နှစ် ၃၀ ကြာပြီး ဒီမိုကရေစီ နည်းကျ ရွေးချယ်ထားသည့် အရပ်သား အစိုးရ အုပ်ချုပ်ချိန် ၂၀၁၈ ခုနှစ်တွင် တပ်မတော်က ပြန်လည်ပြသရခြင်း၏ ရည်ရွယ်ချက်ကို ပြည်သူများက ဖေ့ဘွတ်လူမှုကွန်ရက်တွင် မေးခွန်းထုတ်ကြသည်။
အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတော့သောကြောင့် ၁၉၈၈ ခုနှစ်တွင် တပ်မတော်အနေဖြင့် အာဏာသိမ်းရန်မှအပ အခြားရွေးစရာ မရှိတော့ဟု တပ်မတော်က နှစ်ပေါင်းများစွာ ပြောကြားခဲ့သည်ကိုလည်း လူအများအပြားက ထောက်ပြကြပြီး တပ်မတော်သည် အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် အတွက် အဆိုးရွားဆုံးဖြစ်ရပ် ဥပမာများကိုသာ စုစည်းပြီး ထို ရုပ်ရှင်ဖန်တီးသည်ဟုလည်း ၎င်းတို့ကပြောသည်။
တချို့ကမူ ထိုရုပ်ရှင်သည် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ကိစ္စဖြင့် နိုင်ငံတကာမှ ဖိအားပေးခံနေရပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် NLD အစိုးရနှင့် အဆင်မပြေဖြစ်နေသည့်အချိန်တွင် တပ်မတော်က ခြိမ်းခြောက်မှုအနေဖြင့် ထုတ်လွှင့်ခြင်း ဖြစ်သည်ဟု ယူဆသည်။ ခေါင်းထောင်ထလာသော အမျိုးသားရေးဝါဒနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းစသည့် ပြဿနာများကြောင့် လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာပါက တပ်မတော်မှ တကျော့ပြန် အာဏာသိမ်းမည်ကို အချို့က စိုးရိမ်နေကြသည်။
“ဒါက ခြိမ်းခြောက်မှုလို့ပဲမြင်တယ်။ တိုင်းပြည်မှာ လူတွေရဲ့ စိုးရိမ်ပူပန်မှု မြင့်မားနေတာကို အခွင့်ရေးယူပြီး ခြိမ်းခြောက်တာ။ တဖက်မှာလည်း အစိုးရက ဘာမှ လုပ်မပေးဘူး။ တပ်မတော်ကသာ တိုင်းပြည်အတွက် ကောင်းတာတွေလုပ်နိုင်တယ်ဆိုပြီး စည်းရုံးချင်နေတာ” ဟု မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ တဦးဖြစ်သည့် ရှင်ဒေဝီက ဧရာဝတီသို့ ပြောသည်။
စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် တပ်မတော်ခေါင်းဆောင်များအနေဖြင့် အာဏာသိမ်းခြင်းကို တရားဝင်စေရန်အတွက် ၈၈ လူထုအုံကြွမှုကို မင်းမဲ့ဖြစ်ရပ်ဟု သရုပ်မဖေါ်ဘဲ မြန်မာနိုင်ငံ၏ ခေတ်သစ် သမိုင်းအပြောင်းအလဲအဖြစ်သာ မြင်သင့်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် ဒီပဲယင်းတွင် ကြုံခဲ့ရသည့် လက်နက်ကိုင် လူရမ်းကားများ၏ တိုက်ခိုက်မှုအကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှုပြီး ဖွင့်ဟပြောဆိုခြင်း မရှိကြောင်း သူက ထောက်ပြသည်။ ထိုတိုက်ခိုက်မှုကို ထိုစဉ်က စစ်အစိုးရက စီစဉ်ကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။
“ဒါပေမယ့် တပ်မတော်ကတော့ အာဏာသိမ်းတဲ့ နှစ်ပတ်လည်မှာ ဒီရုပ်ရှင်ကို ပြတယ်။ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆေးမဖြစ်တဲ့အပြင် ဘေး ဖြစ်စေတယ်” ဟု ဒေါက်တာ ရန်မျိုးသိန်းပြောသည်။
(Military’s Broadcast of Graphic Film Depicting 1988 ‘Anarchy’ Draws Fire ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)