ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ရွှေလီမြစ်အနီး ယခုရက်ပိုင်းက တရုတ်-မြန်မာ ဒေသခံများအကြား နယ်နမိတ် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ခရိုင်အဆင့် နယ်နိမိတ်ရေးရာကော်မတီဝင်များ ညှိနှိုင်းပြီး ပြေလည်မှုရရှိသည်ဟု သိရသည်။
မူဆယ်ရှိ ပန်ဆိုင်း (ကြူကုပ်) မြို့နယ်ခွဲအနီး ဖိုင်ကောင်းကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က တရုတ်ကျေးရွာသားများက မြန်မာနိုင်ငံဖက် မီတာ ၃၀ ခန့်အထိ ဝင်ရောက်ခြံစည်းရိုးခတ်ရာမှ အငြင်းပွားမှု စတင်ပေါ်ပေါက်သည်။ မြန်မာကျေးရွာသားများက ကန့်ကွက်မှုပေါ်ပေါက်ခဲ့ရာ တရုတ်တို့က လုပ်ငန်းများရပ်ကာ ခြံစည်းရိုးဆောက်လုပ်မှုကို ပယ်ဖျက်ခဲ့သည်။
ထိုဖြစ်ရပ်သတင်းကို ကချင်သတင်းဌာန (Kachin News Group) က ပထမဆုံးဖေါ်ပြပြီး ခြံစည်းရိုးတည်ဆောက်နေသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ထိုဗီဒီယိုသည် အလျှင်အမြန် ပျံ့နှံသွားသည်။ ထိုသို့ အငြင်းပွားမှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း Kachin News Group က ဒေသခံများကို ကိုးကားဖေါ်ပြသည်။ နယ်စပ်တည်နေရာနှင့် ပတ်သက်သော အငြင်းပွားမှုများသည် ၂၀၀၈ ခုနှစ်မှစတင်ပြီး အကြိမ်ကြိမ်ပေါ်ပေါက်နေသည်ဟု ဆိုသည်။
ဖိုင်ကောင်းရွာသားများ၏ ကန့်ကွက်မှုကြောင့် ခြံစည်းရိုးတည်ဆောက်ခြင်းသည် ထိုနေ့ ညနေ ၅ နာရီခန့်တွင် ရပ်ဆိုင်းသွားသည်ဟု မူဆယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဖိုးမြတ်ကလည်း ပြောသည်။
“နယ်ခြားမှတ်တိုင်တွေက နယ်နမိတ်သတ်မှတ်တဲ့အတိုင်း ရှိနေပြီးသား။ ဒီမှတ်တိုင်တွေကို တဖက်ဖက် သဘောနဲ့ ရွှေ့လို့မရဘူးဆိုတာ ကျနော်တို့ နားလည်ထားတယ်။ ဒါပေမယ့် လူမှုကွန်ရက်မှာ တွေ့တဲ့အတိုင်းဆိုရင် တရုတ်တွေက နယ်ခြားမှတ်တိုင်ကို ရွှေ့ပြီး နယ်နမိတ်ပြန်ရေးဆွဲနေတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အထက်အရာရှိများ အမြဲညှိနှိုင်း ဆောင်ရွက်နေဟု ဆိုသော်လည်း ဒေသခံများ အနေဖြင့် သိရှိခြင်း မရှိကြောင်းလည်း သူက ဆိုသည်။
နယ်နိမိတ်အငြင်းပွားနေသော ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ကြိုးပမ်းချက်များအား စက်တင်ဘာ ၂၁ ရက်က နေပြည်တော်တွင် အပတ်စဉ်ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီသတင်းဌာနက မေးမြန်းရာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “အဲဒါ အခုက ခရိုင်အဆင့်က လုပ်နေတယ်။ အဲဒီနယ်နိမိတ်က အခုမှ ဖြစ်တာမဟုတ်ဘူး။ အရင်ကလည်း ဖြစ်တယ်။ သူက ဘာလဲဆိုတော့ မြစ်ကြောင်းနယ်နိမိတ်။ ရေအနက်ဆုံးအရာ အလယ်ကို ဘော်ဒါလိုင်း (နယ်စပ်မျဉ်း) သတ်မှတ်ထားတယ်။ …အခု မေးမြန်းကြည့်ရတာ ခရိုင်အဆင့်က သူတို့ပြေလည်အောင်ဖြေရှင်းထားတယ်လို့ သိရတယ်” ဟု ဆိုသည်။
ခရိုင်အဆင့်တွင် ဖြေရှင်းမရသော နယ်နမိတ် ပြဿနာများရှိပါက ဝန်ကြီးဌာနအဆင့်သို့ လွှဲပြောင်းပေးလေ့ရှိသည်။ ထိုအခါ အာဏာပိုင်များသည် ကျွမ်းကျင်သူများနှင့် ညှိနှိုင်းကာ အငြင်းပွားဒေသသို့ ကွင်းဆင်းသွားရောက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များအရ တိုင်းတာကာ ပြန်ညှိနှိုင်းရသည်။
မူဆယ်အနီး တရုတ်မြန်မာနယ်စပ်မျဉ်းတချို့ကို ရွှေလီမြစ်အတွင်း သတ်မှတ်ထားသည်။ ထိုအတွက်ကြောင့် မြစ်ကြောင်းအခြေပြု နယ်နိမိတ်များတွင် အငြင်းပွားမှုများ မကြာခဏဖြစ်တတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တဦးက ပြောသည်။ တရုတ်မြန်မာနယ်နိမိတ်ကို အပြည့်အဝ သတ်မှတ်ပြီးသောကြောင့် ထိုကဲ့သို့ အငြင်းပွားမှုများပေါ်ပေါက်လျှင် ညှိနှိုင်းပြီး မကြာခင် ပြေလည်မှု ရလေ့ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။
“မြစ်ကြောင်းတခုရဲ့ အလယ်မှာ နယ်နိမိတ် သတ်မှတ်ထားရင် တခါတလေ မြစ်ကြောင်းပြောင်းသွားတယ်။ ရေပြန်ကျရင် နုန်းမြေပေါ်လာတယ်။ အဲဒီအခါ နှစ်ဖက် ဒေသခံပြည်သူတွေက သိပ်နားမလည်တော့ ကိုယ့်နဲ့နီးရင် စိုက်ပျိုးရေးလုပ်ကြတယ်။ များသောအားဖြင့် ဒေသခံပြည်သူတွေက နယ်နိမိတ်နဲ့ပတ်သက်ရင် သိပ်မသိကြဘူး။ ကုန်းနယ်နိမိတ်ဆိုရင် ရှင်းတယ်။ နယ်နိမိတ်မှတ်တိုင် စိုက်ထားလို့ရှိရင် ကျူးကျော်တယ်ဆိုတာ သိသာတယ်။ တန်းပြောလို့ရတယ်။ မြစ်ကြောင်းနဲ့နယ်နမိတ် သတ်မှတ်ထားရင် မကြာခဏသဘောထားကွဲလွဲမှုတွေ ဖြစ်တတ်တယ်။ မကြာခဏ ဆွေးနွေးနေရတာ ရှိတယ်။ ကျနော်တို့ဘက်က ဒေသခံပြည်သူတွေက တခါတလေ ကျော်ပီး စိုက်ပျိုးရေးသွားလုပ်တာရှိတတ်တယ်။ တခါတလေ သူတို့ဘက်ကလည်း ကျော်တဲ့ဟာမျိုးတွေလည်း ရှိပါတယ်။ ဒါကို နှစ်ဘက် ဒေသဆိုင်ရာအဆင့်မှာ စကားပြောကြတယ်။ များသောအားဖြင့် ပြေလည်ကြတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနညွုန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနပြောခွင့်ရသူတဦးဖြစ်သည့် ဦးစိုးဟန်က ပြောသည်။
“ဒါမှ မပြေလည်ရင် တဆင့်တက်ပြီး ပြည်နယ် သို့မဟုတ် တိုင်းပေါ့။ မဟုတ်ရင် ဗဟိုအစိုးရချင်း၊ နိုင်ငံခြားရေးရုံးတို့ မြေတိုင်းဦးစီးတို့ နဲ့ ပြန်ညှိပြီး ဖြေရှင်းလေ့ရှိပါတယ်။ technical team (နည်းပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့) တွေ ပြန်ညှိပီးတော့မှ ကျနော်တို့ အရင်သတ်မှတ်ထားတဲ့ နယ်နိမိတ် စာချုပ်တွေ ရှိတယ်။ အဲဒီ စာချုပ်သတ်မှတ်ချက်တွေအရ ကွင်းဆင်းစစ်ဆေးပြီးမှ ဟိုဘက်နယ်နိမိတ်ကိုရောက် မရောက် လေ့လာတယ်။ ရောက်တယ်ဆိုလည်း ပြန်ဖျက်ခိုင်းရတယ်။ အခုဟာက အဲဒီလိုမျိုး ဖြစ်တယ်လို့တော့ ယူဆတယ်။ အသေးစိတ်ကတော့ ကျနော်တို့က မသိဘူး” ဟုလည်း ၎င်းက ဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်သံရုံးနှင့် ပုံမှန်ဆက်သွယ်ကြောင်းနှင့် တရုပ်ဘက်မှလည်း အလားတူ ဆက်သွယ်မှုရှိသည်ဟုလည်း ဆိုသည်။ ပိုမို အသေးစိတ်သိရရန် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နယ်နမိတ်ရေးရာဌာနကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။