သတင်း

ဒေါ်လာဈေးကစားနေသည့် လက်သည်တွေကို အစိုးရစုံစမ်းနေ

Want create site? Find Free WordPress Themes and plugins.

ပုံမှန်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဒေါ်လာဈေးကစားသူတွေကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးတက်ပြီး မြန်မာငွေ တန်ဖိုး ကျဆင်းမှုဟာ လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကို ပိုမို ဆိုးရွားစေပြီး သာမာန်ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝတွေကိုပါ ထိခိုက်လာလို့ ဈေး ကစားသူတွေကို အရေးယူနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေက စဉ်းစားနေကြပါပြီ။

အခုရက်ပိုင်းမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၁၆၀၀ ကျော်အထိ ဖြစ်လာရတာဟာ ဈေးကွက်အတွင်းမှာ လေပတ်ကားလို့ ခေါ် တဲ့ ဈေးကစားမှုနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲမှာ မြန်မာဟာ သွင်းကုန်အားပြုနေရလို့ သူများနိုင်ငံတွေထက် ပိုပြီး ပြင်းပြင်း ထန်ထန် ခံနေရတယ်လို့ အစိုးရတာဝန်ရှိသူတွေက အကြောင်းပြချိန်မှာ စီးပွားရေး သမားတွေကတော့ အစိုးရဲ့ စီမံခန့်ခွဲမှု ညံတာနဲ့ ဗဟိုဘဏ် အလုပ်မလုပ်တာကို ပြန်ထောက်ပြကြပါတယ်။

နောက်တခုကတော့ အစိုးရက ဒေါ်လာဈေးကျချင်လို့ Re-Export ပိတ်လိုက်ချိန်မှာ သတင်းကြိုပေါက်ခဲ့ပြီး အဲဒီ ပါမစ်တွေကို ပြန် ရောင်းတာဟာ မြန်မာငွေ ကျပ်သိန်း ထောင်နဲ့ချီဈေးပေါက်ခဲ့တယ်လို့ ဈေးကွက်အတွင်းကနေ စုံးစမ်းသိရကြောင်း၊ ဒါကြောင့် တကယ်ဖြစ်နေသလားဆိုတာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စုံစမ်းမှုများ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက“မြန်မာနိုင်ငံမှာ ဒေါ်လာကို တကယ့် အလုံးနဲ့ အရင်းနဲ့ရောင်းဝယ်နေတဲ့သူက အနည်းစုပဲ ရှိတယ်။ အရင်တုန်းကလိုမျိုးဆိုရင် တခါတည်း ဆွဲစိလိုက်တာပေါ့။ အဲဒါဆိုရင် ငြိမ်သွားတယ်။ ဒီလိုတော့ အခု လုပ်လည်း မလုပ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ သို့ သော် ဒီသွားနေတဲ့ Money Transaction (ငွေကြေး အသွားအလာ)ကို ရအောင် လုပ်နေတယ်” လို့ မနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နေမှု /ဧရာဝတီ

ဒေါ်လာဝယ်သူတွေက ဘာကြောင့်ဝယ်သလဲဆိုတာ၊ ဘယ်မှာ သုံးပြီး ဘယ်သူတွေလဲဆိုတာကို အစိုးရက စုံစမ်းနေပြီး အဲဒီငွေတွေဟာ ငွေဖြူ၊ ငွေမည်းတွေလား၊ တရားဝင် ဟုတ်၊ မဟုတ် စုံးစမ်းပြီး တိတိကျကျဖြစ်အောင် လုပ်နေကြောင်း၊ အဲဒါတွေ ပြီးရင်တော့ သင့်တော်တဲ့ Action (အရေးယူမှု) တခုခု ဖြစ်လာလိမ့်မယ်လို့ သူကပဲ ပြောပါတယ်။

“အရင်တုန်းက လေပတ်ကားဆိုရင် ရွှေပဲရောင်းတဲ့ ဝယ်တဲ့သဘောရှိတယ်။ အခုကျတော့ ထူးခြားချက်က အမေရိကန်ဒေါ်လာပေါ့။ အစိမ်းကို လေပတ်ကားရောင်းတာ ဝယ်တာတွေ ဖြစ်လာတယ်။ ဒါက တချက်ပေါ့။ နောက်တချက်က ကျနေ်ာတို့က Re-export ကို ပိတ်လိုက်တယ်။ ပိတ်လိုက်ပြီးတော့ အဲ့ဒီ ပါမစ်တွေက ဈေးကွက်ထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြားနေတယ်။ ဒါကိုလည်း ကျနေ်ာတို့ စီးပွားကူးသန်းကတဆင့် အတည်ပြုဖု့ိ လုပ်နေတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်လာဈေး အဆမတန်မြင့်တက်မှုကြောင့် မြန်မာငွေကျပ် တန်ဖိုး ကျဆင်းမှုကနေ အခြေခံ လူတန်းစားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဝေးပြေးခရီးလိုင်းကားခတွေ ဈေးမြင့်တက်တာ၊ သောက်ရေသန့်ဈေးတွေ တက်တာ၊ စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေမှာပါ ဈေးတွေ တက်ကုန်ပါပြီ။

“ဗဟိုဘဏ်ကလည်း Formal Market ကိုပဲ ဝင်ထိန်းလို့ ရတယ်။ အခု ဖြစ်နေတာက Informal Market ကြီးက ကြီးနေတာကိုး။ ပြီး တော့ ဒေါ်လာ Demand ကလည်း ခုနကလို ပါမစ်တွေ ရောင်းတယ်ဆိုတဲ့ ကိစ္စကလည်း ဈေးကွက်ထဲက တကယ့် အဖြစ်အပျက် ပေါ့။ အခုကိစ္စကတော့ ကျနော်တို့ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ မဆိုင်ဘူး။ ဗဟိုဘဏ်နဲ့ မဆိုင်တော့ဘဲ စီး/ကူးနဲ့ တိုက်ရိုက်ဆိုင်တဲ့ သဘော သွားဖြစ်နေတယ်” လို့ အမည်မဖော်လိုတဲ့ ဒုဝန်ကြီးတယောက်က ပြောပါတယ်။

အဲဒါကြောင့် အစိုးရအနေနဲ့တော့ သတင်းစုံစမ်းမှုတွေ လုပ်နေပြီး ဈေးကွက်ကို ဘယ်လို ပြန်ထိန်းမလဲဆိုတာ အစီအစဉ်တချို့ ရေး ဆွဲနေကြောင်း၊ မကြာခင်မှာ ဒီအစီအစဉ်တွေ စမှာဖြစ်ပြီး ဗဟိုဘဏ်ကလည်း အစီအစဉ်တချို့ စလုပ်နေကြောင်း၊ တကယ်တန်း Action ယူရမှာကတော့ ဦးဘိုဘိုငယ်တို့ရဲ့ ဗဟိုဘဏ်က လုပ်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဧရာဝတီက ဦးဘိုဘိုငယ်နဲ့ တာဝန်ရှိသူတွေကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မေးချင်တာကတော့ အခုကိစ္စမှာ တရားဝင် ဖွင့်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေ ပါဝင်ပတ်သက်နိုင်ခြင်း ရှိ၊ မရှိကိုပါ။

အမည်မဖော်လိုတဲ့ အစိုးရ ဒုဝန်ကြီးကတော့ “ကျနော်တို့ စိုးရိမ်တာက ဘဏ်တွေက အခုလို ဝင်လုပ်တယ်ဆိုရင် ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဈေးကစားချင်လို့ လုပ်တာ လားဆိုတာကတော့ အပြင်ကကြည့်ပြီး ပြောရခက်တယ်။ အဲဒါမျိုးကို ဗဟိုဘဏ်က Data တွေ အကုန်လုံးကို Trace လိုက်ပြီး စုံစမ်းမှ တကယ် သိရမှာ။ ဗဟိုဘဏ်က လုပ်သင့်တယ်။ အပြင်ကကြည့်ရင်တော့ ဈေးကစားနေတယ်လို့ပဲ မြင်မှာပဲ”လို့ ပြောပါတယ်။

ဘဏ်လောကဟာ နည်းနည်း ရှုပ်ထွေးမှုရှိပြီး အရင်ကလည်း နိုင်ငံခြားဘဏ်တွေကနေ မြန်မာဘဏ်တွေ ဆီကနေ ဒေါ်လာတွေ စွတ်ဝယ်တဲ့အခါ နိုင်ငံခြားဘဏ်တွေ မရိုးသားဘူးဆိုတဲ့ သုံးသပ်မှုနဲ့ သူတို့တွေ ဒေါ်လာဈေးကစားတာ ဖြစ်မယ်ဆိုတဲ့ အသံတွေ ကြောင့် စုံးစမ်းကြည့်တဲ့အခါ ၎င်းတို့ဟာ ဘဏ်အသုံးပြုတဲ့ Importer တွေအတွက် လိုအပ်တဲ့ ဒေါ်လာကို ဝယ်ပေးတာဖြစ်လို့ တရားဝင်တယ်လို့ ဆက်ပြောပါတယ်။

ရန်ကုန်မြို့ မှာ ဒေါ်လာ ငွေကြေး ကစားတဲ့သူ လက်ကြီးသမား ၁၀ ယောက်မကျော်ဘဲ တချို့က မန္တလေးမြို့နဲ့ပါ ချိတ်ဆက်ပြီး ဆောင်ရွက်ကြကြောင်း၊ ဒေါ်လာဈေးကွက်ထဲမှာ တရက်လည်ပတ်ငွေဟာ သန်းနဲ့ချီလည်ပတ်နေတာ ဖြစ်သလို လေပတ်ကား ပုံစံမျိုးနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ကြောင်း ငွေကြေး ရောင်းဝယ်သူတဦးက ဆိုပါတယ်။

ဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နေမှု /ဧရာဝတီ

“အရင်းအနှီး ကြီးကြီးမားမား ရှိတယ်။ တယောက်ဆိုရင် သန်း ၃၀ လောက်အထိ ဂိုဒေါင်ထည့်နိုင်တယ်။ သူ့မှာ အဲဒီလောက် လုပ် ထားနိုင်တာမျိုး ရှိတယ်။ အခုက ရွှေဈေး၊ ငွေဈေး အကုန်တက်တာဆိုတော့ အဲလောက်ကြီး ဒေါ်လာကို ကစားနေကြလို့ ဖြစ်တာ။ အဲလိုနဲ့ ဓါတ်ဆီဈေး၊ ဆေးပစ္စည်းတွေ ဈေးတက်လာတာ။ တိုင်းပြည်အတွက်တော့ မကောင်းနိုင်ဘူး” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းရဲ့ အဆိုအရ တိုင်းပြည်မှာ လုပ်ငန်းတော်တေ်ာများများဟာ စီးပွားရေး လုပ်ရ တာ အဆင်မပြေတဲ့ အတွက် ဒီဒေါ်လာ စီးပွားရေးကို လုပ်နေကြကြောင်း၊ အရင်လုပ်ငန်းတွေ မကောင်းတဲ့အချိန်မှာ ငွေရလွယ်လို့ အပြင်မှာ ပြောနေကြသလို လက်ကြီးသမား ၁၀ ယောက်လောက်ကပဲ ကစားနေတာ မဟုတ်လဲ လူရာနဲ့ချီပြီး လုပ်နေကြတာလို့ ဆိုပါတယ်။

ဒေါက်တာ စိုးထွန်းက “လေပတ်ကားရိုက်တယ်ဆိုတာ လွယ်တယ်။ ပိုက်ဆံရှာလို့ ရတယ်။ ခင်ဗျား လွယ်အိတ်တလုံးလွယ်၊ ဖုန်းလေးကိုင်ပြီး ဝိုင်းထဲကို သွားလိုက်။ ရောက်ရင် ဒေါ်လာ ၁ သန်းကို လေနဲ့ ဝယ်လိုက်တယ်။ ၁၆၀၀ ပေါ့။ ညနေမှာ ၁၆၁၀ ဖြစ်သွားရင် ဒေါ်လာ ၁ သန်း ဖြစ်တဲ့အတွက် ခင်ဗျား သိန်း ၁၀၀ ကျန်သွားပြီ။ ဘာမှ ရင်းစရာ မလိုဘူး။ ရွှေပတ်ကားလိုပဲ”လို့ ပြောပါတယ်။

၎င်းက ဆက်၍ “ဘာအရင်းမှ မလိုဘဲ တရက်တည်း သိန်း ၁၀၀ ရမယ့် အလုပ် ဘယ်မှာ ရှိလဲပြော။ ကျင့်ဝတ် ရှိလား၊ မရှိဘူးလား ဆိုပြီးတော့ ပြောလို့ တော့ မရဘူး။ ပိုက်ဆံကတော့ လူတိုင်းလိုနေတာပဲ။ အဲလို ဖြစ်အောင်လည်း အခြေအနေက ဖန်တီး ပေးနေတာလေ။ အခြေခံကကို အဲလို ရှိနေတာ”လို့ ဆိုပါတယ်။

အစိုးရက ဒေါ်လာကို ထိန်းချုပ်ဖို့ အတွက် ပါမစ်တွေ ပိတ်ခဲ့တာလည်း မဖြစ်သင့်ကြောင်း၊ မနှစ်က ပိတ်ပေမယ့် တလလောက် ကြို ပြောတဲ့အတွက် အဆင်ပြကြောင်း၊ အခုလည်း သတင်းကြိုပေါက်လို့ ပါမစ်ဝယ်ထားတာမျိုး မဟုတ်လဲ ပါမစ်ရှိပြီးသား လက်သေး သမားတွေဆီက လက်ကြီး သမားတွေက ပါမစ်ကို ပြန်ဝယ်တာသာ ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

တိုင်းပြည်မှာ ဒီလိုဖြစ်နေတာတွေကို ပြန်ကုစားနိုင်ဖို့ လူထုယုံကြည်မှု ရှိလာလာအောင် သမ္မတ၊ အတိုင်ပင်ခံတို့လို ပုဂ္ဂိုလ်တွေက စကားထွက်ပြောဖို့ လိုပြီး အနည်းဆုံး ဗဟိုဘဏ်က ငွေကြေးရောင်းဝယ်နေတဲ့သူတွေကို ခေါ်တွေ့သင့်ကြောင်း၊ အစိုးရက ဒီအတိုင်း ငုတ်တုတ်ထိုင်ကြည့်နေရင်တော့ ပိုဆိုးဖို့သာ ရှိတယ်လို့ လုပ်ငန်းရှင်းတဦးကလည်း အကြံပြုပါတယ်။

“ပြီးခဲ့တဲ့ အခေါက်ကလည်း ဒေါ်လာဈေးတွေ တရက်တည်းနဲ့ ဈေးတက်တယ်။ နိုင်ငံတော်အတိုင်ပင်ခံက စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တွေ့မယ်လို့ ပြောလိုက်တာ ၇၀ လောက် ပြန်ကျသွားတယ်။ တွေ့လည်းတွေ့ရော ဘာမှလည်း မထူး၊ ဘာမှလည်း မပြောတော့ ပြန်တက်သွားရော။ လူတွေကတော့ ပိုက်ဆံရှိရင် ဒေါ်လာကို ကြိတ်ဝယ်ကြတာပဲ။ ငွေဈေး ကစားတဲ့ ၄၊ ၅ ယောက်နဲ့ ဝယ်နေတာ မဟုတ်ဘူး။ အကုန်ဝယ်နေကြတာ။ သူတို့ ပိုက်ဆံ ပျောက်သွားမှာ။ သေးသွားမှာ ကြောက်နေကြတာ”လို့ သူကပဲ ပြောပါတယ်။

အစိုးရအနေနဲ့ စဉ်းစားနေတဲ့ နည်းလမ်းတွေထဲမှာ ဇိမ်ခံပစ္စည်းတွေကို ပိတ်တာ သို့မဟုတ် အခွန်တိုးကောက်ဖို့တွေ လုပ်သင့် တယ်လို့ လုပ်ငန်းရှင်တွေဘက်က အကြံပြုကြပြီး နိုင်ငံတော် စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ကော်မတီကိုလည်း ဟွန်ဒီနဲ့ တရားမဝင် ငွေလွှဲနေရတာကို တရားဝင်ဖြစ်အောင်၊ နိုင်ငံခြားဘဏ်တွေကို အသုံးပြုခွင့်ပေးဖို့ ကိစ္စတွေပါ တင်ပြထားတယ်လို့ သိရပါတယ်။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ “တကယ့်ဈေးကွက်ထဲမှာ အလုံးအရင်းနဲ့လုပ်တဲ့သူတွေ Money Changer တွေ အပါအဝင် ဘယ်သူတွေက ဘာတွေလုပ်နေလဲဆိုတဲ့ အသေးစိတ် လေ့လာနေတယ်။ အဲဒါကို အစိုးရက လုပ်နိုင်တဲ့အပိုင်းရှိတယ်။ ဗဟိုဘဏ်က လုပ်နိုင်တဲ့အပိုင်းရှိတယ်။ သူ့လုပ်ထုံးလုပ်နည်းအရ ဒါတွေကို လုပ်နေပါတယ်။ အသေးစိတ်ကတော့ လောလော ဆယ်ပြောလို့မရသေးဘူး။ အရာရာကို ချိန်ဆပြီးတော့လုပ်နေတယ်”လို့ ပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ဒေါ်လာဈေး ထိုးတက်နေခြင်းမှာ လောင်းကစားဆန်ဆန် ဈေးကစားမှုများကြောင့် ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading