အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းတွင် တဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို ပြန်လည်နေရာချပေးရန် စီစဉ်ထားရှိမှုနှင့်ပတ်သက်၍ မစိုးရိမ်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။
ရခိုင်ပြည်နယ်အရေး ဆောင်ရွက်လုပ်ကိုင်နေမှုနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်သို့ လာရောက် ရှင်းလင်းစဉ် လွှွတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်းဖြစ်သည်။
ဒေါက်တာ ဝင်းမြတ်အေး က “တောင်ပိုင်းမှာ မလုံခြုံဘူး စိုးရိမ်တယ်ဆိုတာကိုလည်း ကျနော်တို့ သိတယ်။ ဒါပေမဲ့ ကျနော်တို့ ဆောင်ရွက်မှုတိုင်းမှာ လုံခြုံရေး စိတ်ချရတဲ့နေရာတွေကို သက်ဆိုင်ရာ လုံခြုံရေးကို တာဝန်ယူတဲ့လူတွေနဲ့ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ တောင်ပိုင်းနဲ့ ပတ်သက်ရင်လည်း စိတ်မပူပါနဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိတ်ချရမှ ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။
ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ဝင်း က ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီများအား မောင်တောပိုင်းတွင် ပြန်လည်နေရာချမည့်ကိစ္စကို ပြည်နယ်လွှတ်တော်ကလည်း ကန့်ကွက်ထားပြီ ဖြစ်သည့်အတွက် လက်ရှိ ပြန်လည်နေရာချထားပေးမည့် အစီအမံများကို သိလိုကြောင်း ဒေါက်တာဝင်းမြတ်အေးအား မေးမြန်းခဲ့သည်။
မြေပုံအမတ် ဦးအောင်ဝင်း က “ပြန်လည်နေရာချထားရေးကိစ္စမှာ မောင်တောဒေသ တောင်ပိုင်းမှာ ပြန်လည်နေရာ ချထားမယ်လို့ ကျနော်တို့ သိရှိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာလည်း ကျနော်တို့ ကန့်ကွက်ထားတယ်။ ဒေသခံတွေ ကလည်း မကျေနပ်ဘူး။ ဒါကြောင့် ဘင်္ဂလား ဒေ့ရ်ှဘက်က ပြန်ဝင်လာမယ့်လူတွေကို မောင်တောတောင်ပိုင်းမှာ ပြန်လည်လက်ခံဖို့ အစီအစဉ်များ ရှိနေသေးလားဆိုတာ တချက်လောက်သိချင်ပါတယ်” ဟု ယင်းတွေ့ဆုံပွဲတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြန်ဝင်လာမည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ပြန်လည်နေရာချထားရန်အတွက် မောင်တောမြို့နယ် အတွင်း မြောက်ပိုင်း ဒေသနှင့် တောင်ပိုင်းဒေသတို့တွင် နေရာ ၄၂ ခု သတ်မှတ်ထားကြောင်း ၊ ယင်း သို့ ပြန်လည်နေရာချထားရာတွင်လည်း မြောက်ပိုင်းဒေသမှ စတင်ဆောက်ရွက်သွားမည်ဖြစ်ပြီး တောင်ပိုင်းဒေသတွင် တဖြည်းဖြည်း ဆက်လက် ဆောက်ရွက် လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆက်လက်ပြောကြားခဲ့သည်။
ဒေါက်တာ ဝင်းမြတ်အေး က “ပြန်လည်နေရာချထားတဲ့နေရာမှာ မြောက်ပိုင်း၊ တောင်ပိုင်း ၄၂ နေရာ သတ်မှတ် ထားတာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တကယ်ဆောင်ရွက်နေတာသည် မြောက်ပိုင်းကနေပြီးတော့ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ရင်လည်း လုံခြုံရေးကို စိတ်ချရအောင်လုပ်ပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သဘောနဲ့ ကျနော်တို့ တခုမှ ဆောက်ရွက်တာမရှိဘူး။ လုံခြုံရေးတာဝန်ယူနေတဲ့ သူများနဲ့ ညှိနှိုင်းပြီးတော့မှ ဒီဟာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်” ဟု ၎င်းတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ရောက်ရှိနေသော ဘင်္ဂါလီများသည် ပြန်လည်ဝင်ရောက်လာမည့် တရားဝင်လမ်းကြောင်းများမှ မဝင်ဘဲ တရားမဝင် လမ်းကြောင်းမှနေ ဝင်ရောက်လာသူများကို ဖမ်းဆီး အရေးယူခဲ့ရာမှနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်လည်နေရာချထားပေးခြင်းမှ နည်းလမ်း မကျကြောင်း၊ နောင်တွင်လည်း ခိုးဝင်သူများကို ယခုကဲ့သို့ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် နေရာ ချထားမည့်အစီအမံများ ဆက်ရှိနေဦးမှာလားဟုလည်း မြေပုံအမတ် ဦးအောင်ဝင်းက ဆက်လက် မေးမြန်းခဲ့သည်။
မြေပုံအမတ် ဦးအောင်ဝင်း က “ဥပဒေကြောင်းအရ ဘင်္ဂါလီတွေရဲ့ အလိုကိုလိုက်နေသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် နောက်တကြိမ် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို အဲလို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတော့ ပြန်လည် လက်ခံရေး စခန်းမှာ တရားဝင်ပြန်လည်လက်ခံဖို့ အစီအစဉ်များ ရှိနေသေးသလားဆိုတာ မေးချင်ပါတယ်။ ဒါတွေဟာ ကျနော်တို့ သိချင်နေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်” ဟု မေးမြန်းခဲ့သည်။
ယမန်နေ့က တွေ့ဆုံသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပြည်နယ်လွှတ်တော် အမတ်များ တွေ့ဆုံပွဲတွင် လွတ်တော် အမတ်များက တပ်သိမ်းမြေကိစ္စ ဖြေရှင်းပေးရန်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကမန်ကိစ္စ ပြန်လည် စိစစ်ပေးရေး၊ လတ်တလော မောင်တောမြို့နယ်အတွင်း အသတ်ခံရသည့် မြိုတိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး လုံခြုံရေး အစီအမံများ၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စရပ်များကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီကိုဖွဲ့စည်းကာ လုပ်ငန်းကော်မတီ ၄ ခုဖြင့် ဆောင်ရွက် နေကြောင်း ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကလည်း လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ချရသည့် အနေအထားဖြစ်အောင် အစည်းအဝေးတိုင်းတွင် တဖွဖွ ပြောကြားနေကြောင်း ၊ လွတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းအားလုံးကို ၎င်းတဦးတည်း အနေဖြင့် မရှင်းလင်းနိုင်သည့် အတွက် သက်ဆိုင်ရာ ဝန်ကြီးများနှင့်ညှိနှိုင်းကာ အကျိုးအကြောင်း ပြန်ကြားပေးမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေး က လွှတ်တော်အမတ်များကို ဂတိပြုခဲ့သည်။